Saturday, September 18, 2010

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ဖြစ်ရပ်မှန်

အမျိုးမျိုးခေါင်းပုံဖြတ်ခံနေရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၂ သန်းကျော်ရှိပါသည်။ အလုပ်သမားအနည်းစုမှာ ထိုင်းနိုင်ငံသို့ တရားဝင် ပတ်စ်ပို့နှင့်ဝင်ရောက်ခဲ့သော်လည်း၊ အများစုမှာမူ ထိုင်း - မြန်မာ နယ်စပ်ဒေသများမှ တရားမဝင် ရောက်လာကြပြီး တိုးတက်ရာ တိုးတက်ကြောင်း အလုပ်ရှာလုပ်ကြသည်။ မြန်မာနိုင်ငံတွင် ကျန်မိသားစုဝင်များစားဝတ်နေရေးအတွက်လည်း ထောက်ပံ့ကြသည်။

တချို့မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံ၌ အိမ်ထောင်ကျ ကလေးမွေး၍ ရေရှည်နေထိုင်ခဲ့ကြသည်။ ယခင်က မြန်မာအလုပ်သမားများမှာ တရားမဝင်ခိုးနေထိုင်ပြီး အလုပ်လုပ်နေသောကြောင့် မကြာခဏ ထိုင်းရဲ၏ ဖမ်းစီးခံရခြင်း၊ ငွေညှစ်ခံရခြင်း၊ မြန်မာနယ်စပ်သို့အပို့ခံရခြင်း လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း တို့ကြုံတွေ့ကြရပါသည်။ တရားမဝင်ခိုးနေမှုကြောင့် မြန်မာအလုပ်သမားများ နေထိုင်မကောင်းဖြစ်လျှင်သော်လည်းကောင်း၊ မီးဖွားလျှင်သော်လည်းကောင်း ထိုင်းအစိုးရဆေးရုံ ဝန်ထမ်းများ၏ ညိုညင်ခြင်း ဒဏ်ကိုခံကြရပါသည်။

စာရေးသူမြင်တွေ့ခဲ့ရသည်မှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခက်မြို့ ''ပါသောင်'' ဆေးရုံ၌ မီးဖွားသော မြန်မာအလုပ်သမားအမျိုးသ္မီးအား ဆေးရုံမီးဖွားသူနာပြုများမှ မီးဖွားခ အပိုငွေ ဘတ် ၃၀၀၀ ကောက်ခြင်းဖြစ်သည်။
-
လူနာအား ဆေးရုံအမှတ်တံဆိပ်မပါသော ရိုးရိုးဘောက်ချာဖြတ်ပိုင်းကို ပေးသည်ကို စာရေးသူ မြင်လိုက်သောအခါ ၎င်းသူနာပြုများလုပ်နည်း မမှန်ကန်သည်ကိုသိ၍ သူနာပြုများအား အဘယ်ကြောင့် အပိုငွေ ဘတ် ၃၀၀၀ ကို လူနာထံမှကောက်ရပါသနည်းဟု မေးမြန်းကြည့်ရာ သူနာပြုများက
'' အဲဒီမြန်မာလူမျိုးတွေ တို့ထိုင်းနိုင်ငံထဲမှာနေပြီးကလေးတွေ မွေး မွေးလာကြတယ်။ နောက်ခဏ ခဏ တို့ထိုင်းနိုင်ငံမှာ ကလေးတွေ လာမမွေးရအောင် သူတို့ဆီက သီးသန့်ငွေကောက်တာဟုဖြေကြားပါတယ်။ ''

အမှန်မှာ မြန်မာလူမျိုးများအပေါ်စေတနာမရှိ၍လည်းကောင်း၊ အစိုးရလစာအပြင် တရားဝင်လက်မှတ်မရှိသေးသော မြန်မာအလုပ်သမားများထံမှ မိမိကိုယ်ကျိုးအတွက် ငွေညှစ်ခြင်းသာဖြစ်သည်ကိုထင်ရှားလှသည်။ ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများအား ဟောက်စားလုပ်နေသူများမှာ ထိုင်းရဲများ၊ တချို့ကျန်းမာရေးဌာနများ နှင့် တချို့သောထိုင်းအလုပ်ရှင်များဖြစ်ပါသည်။

ထိုင်းဝန်ကြီးချုပ် မစ်စတာအဖိစစ် ဝေ့ချာချီဝါ့ အစိုးရနှင့် မြန်မာစစ်အစိုးရတို့ ပူးပေါင်ပြီးထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို
တရားဝင် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် ယာယီမြန်မာနိုင်ငံကူးလက်မှတ်နှင့် ထိုင်းအလုပ်လုပ်ပိုင်ခွင့် Work permit တို့ထုပ်ပေးခဲ့ရာ မြန်မာအလုပ်သမားအများအပြားလျှောက်ခဲ့ကြသည်။
-
တရားဝင်အလုပ်သမားဖြစ်ရန် မြန်မာအလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ
၁၀ ၀၀၀ စီကုန်ကျခဲ့ကြရသည်။ ထိုကုန်ကျစရိတ်များသည် ထိုင်းနိုင်ငံ၌ အမျိုးမျိုးခေါင်းပုံဖြတ်ခံနေရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လွန်စွာစရိတ်ကြီးပါသည်။ ဤသို့ အလုပ်သမားများအား တရားဝင်လုပ်ပေးချင်းအားဖြင့် မြန်မာနှင့် ထိုင်းအစိုးရတို့မှာ ထိုမြန်မာအလုပ်သမားများထံမှ မြောက်များစွာဝင်ငွေရရှိခဲ့ကြသည်။


ထိုင်းနိုင်ငံတွင် Work permit လုပ်သောမြန်မာအလုပ်သမား ၁.၃ သန်းရှိ၍ ၃၀ % မှာ ဘန်ကောက်မြို့၌ အလုပ်လုပ်ကြသည်။ ကျန်အလုပ်သမား ၇၀ ၀၀၀ မှာ Work permit မလုပ်ကြသေးပါ။ ထိုအရေအတွက်မှာ ထိုင်းအစိုးရ၏ တရားဝင် ကိန်းဂဏန်းဖြစ်ပါသည်။

တချို့သောမြန်မာအလုပ်သမားများမှာမူ မြန်မာနှင့်
ထိုင်းအစိုးရတို့အားမယုံကြည်၍ ယခင်အတိုင်းတရားမဝင် နေထိုင်မြဲဆက်လက်နေထိုင်သွားကြပါသည်။ ၎င်းတို့၏စိုးရိမ်မှုများမှာ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ရာတွင် ၎င်းတို့၏နေအိမ်လိပ်စာအတိအကျပေးရသောကြောင့် တစ်စုံတစ်ခုဖြစ်လာလျှင် မြန်မာစစ်အစိုးရဘက်မှ ၎င်းတို့ကျန်မိသားစုဝင်များအား နေအိမ်ထိသွားရောက်ဒုက္ခပေးကြမည်ကိုကြောက်ရွံ့၍ဖြစ်ပါသည်။
-
ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများ၏ Work permit ကို ၂ နှစ်သက်တန်းပေးထားပါသည်။ ရှေ့ကာလတွင်ထိုင်းအစိုးရဘက်မှ မည်သို့မည်ဖုံပြောင်းလည်းကြမည်ကို မမြင်ရသေး၍လည်းကောင်း၊ Work permit လုပ်ရာ၌လည်းကောင်း၊ တရားဝင်နေထိုင်ရန် စာရွက်စာတန်းပြုစုရာ၌လည်းကောင်း အလုပ်သမားများ လက်ဗွေနှိပ်ကြရပါသည်။

တစ်နေ့ထိုင်းအစိုးရမှ အကြောင်းတစ်စုံတစ်ရာကြောင့် သက်တန်းမတိုးပေးလျှင်၊ တရားဝင် လူနေစရိတ်များမြင့်တက်လာလျှင်၊ မြန်မာအလုပ်သမားများသာလျှင် ထိခိုက်နစ်နာမှုများမည်။ ထိုင်းရဲများမှ မြန်မာအလုပ်သမားများအား လိုက်လံဖမ်းစီးမည်ကိုလည်းစိုးရိမ်မိသောကြောင့် ၎င်းတို့မှာ တရားဝင်အလုပ်သမားအဖြစ်မှတ်ပုံမတင်ရဲကြခြင်းဖြစ်ပါသည်။

မြန်မာအလုပ်သမားများ၏ဘဝမှာ ထိုင်းနိုင်ငံတွင်းခိုး၍နေသော်လည်းရဲဖမ်းမည်ကိုကြောက်ရ၊ တရားဝင်နေပြန်သော်လည်းတစ်နေ့ဖမ်းပြီးပြန်ပို့ခံရမည်ကို ကြောက်နေကြရပါသည်။ ထိုမျှမကသေး ထိုင်းအလုပ်ရှင်များက မြန်မာအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ စိတ်အလိုမကျပါက ရိုင်းစိုင်းပက်စက်စွာပြောဆိုဆက်ဆံခြင်းတို့ကို မြန်မာအလုပ်သမားများ အံကြိတ်ခံနေကြရသည်။

စာရေးသူတွေ့ခဲ့ရသော မြန်မာအလုပ်သမားတချို့မှာ နေ့Duty ညDuty ရက်ဆက်များစွာအလုပ်ခိုင်းခံရပြီး လစာကိုအပြည့်အဝမရခြင်း၊ ငွေကြေးမရဘဲ အချိန်ပို အလုပ်လုပ်ပေးရခြင်း၊ လစာနည်းပါးခြင်း၊ အသက်အာမခံမရရှိခြင်း၊ အလုပ်နားရက်မရှိ တစ်လလုံးအလုပ်လုပ်ပေးရခြင်း၊ အလုပ်နားလိုပါက အလုပ်ရှင်မှ လစာဖြတ်ခြင်း၊ အလုပ်ခွင့်ယူရန်မပေးခြင်းတို့ဖြစ်ပါသည်။ ထိုထိုင်းအလုပ်ရှင်များမှာ ထိုင်းအလုပ်သမားများအပေါ်ညီတူညီမျှပေးသော်လည်း မြန်မာအလုပ်သမားများအပေါ် လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ချိုးဖေါက်နေကြသည်။
-
တစ်ချို့သောထိုင်းအလုပ်ရှင် များသည် ၎င်းတို့မြန်မာအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်၍ အမြတ်ထုတ်နေကြသည်ကို သက်ဆိုင်ရာနှင့် လူအများသိသွားမည်ကိုစိုး၍၊ တချို့မှာအကောက်ခွန်မပေးလို၍ ၎င်းတို့ အလုပ်သမားများအား တရားဝင်ရွှေ့ပြောင်းအလုပ်သမားအဖြစ်မလုပ်စေချင်ကြပါ။

အမှောင်ထုမှ အလုပ်သမားများ

ထို့အပြင်မြန်မာ အမျိုးသ္မီးအလုပ်သမားများသည်လည်း ထိုင်းနိုင်ငံ၌ တစ်နှစ်ထက် တစ်နှစ်များပြားလာပါသည်။ ၎င်းတို့မှာဆိုင်အရောင်းသမားများ၊ ထမင်းဆိုင်စဖိုမှူးများ၊ စက်ရုံအလုပ်သမားများနှင့် အိမ်ဖော် အလုပ်များလုပ်ကြပါသည်။ စိတ်မကောင်းစရာကောင်းသည်မှာ တချို့အိမ်ဖော်မလေးများမှာ နေ့အိမ်ဖော်အလုပ်လုပ်လျှင် ထိုင်းငွေ ဘတ် ၃၀၀၀ ရကြပြီး ညပိုင်းအိမ်ရှင်၏မိန်းမလုပ်လျှင် နောက်ထပ် ဘတ် ၂၀၀၀ ပိုရကြ၍ တစ်လလျှင် လစာ ဘတ် ၅၀၀၀ ရရန် ထိုညအလုပ်ပါ လုပ်ကြ ခြင်းဖြစ်သည်။


ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသ္မီးအလုပ်သမားများအား ပြည့်တန်ဆာအလုပ်ကို ပွဲစားများမှဆက်သွယ်လာကြသည်။ မြန်မာအလုပ်သမားထဲက ပွဲစားလုပ်နေကြသူတွေရှိကြသည်။ ထိုပွဲစားများသည်လည်း ခေတ်ပညာမရှိ ငွေကိုသာအဓိကထားကြသူများဖြစ်သည်။ ဘန်ကောက်မြို့ရှိ ဖောင်ဟူရတ် ဈေးတဝိုက် နှင့် ဆီလုန် (Silom) လမ်းတို့တွင် တချို့မြန်မာပြည့်တန်ဆာများ အလုပ်လုပ်စားနေသည်ကို စုံစမ်းသိရှိခဲ့ရသည်။ တချို့မြန်မာများမှာ နေအိမ်တွင်းမှ လိင်ဆက်ဆံသော ဗီဒီအိုများရိုက်ကူးရောင်းချကြသည်။

အရှက်နှင့် ဂုဏ်သိက္ခါကိုထိန်းသိမ်း

ထိုင်းနိုင်ငံ၌သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်နေကြသော မြန်မာအမျိုးသားကောင်းများနှင့် အမျိုးသ္မီးကောင်းများလည်း မြောက်များစွာရှိကြပါသည်။ ထိုင်းနိုင်ငံသည်ကမ္ဘာ့အလယ်၌ အပျော်အပါးလိုက်စားရန် (တစ်နည်းထိုင်းပြည့်တန်ဆာ) နာမည်ကြီးသောနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ယနေ့ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည်ဆင်းရဲသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခါကောင်းမှုကြောင့် မြန်မာအမျိုးသ္မီးများမှာလည်း ပြည်ပတွင်နိုင်ငံခြားသားတို့၏ ယုံကြည်လေးစားခြင်းကိုရရှိခဲ့သည်။ ပြည့်တန်ဆာလုပ်စားနေကြသော အမျိုးသ္မီးများသည် ကိုယ့်ကိုယ်ကျိုးထက် နိုင်ငံနှင့် လူမျိုး၏နာမည်ကိုထိန်းသိမ်းရန် လိုအပ်သည်ဟု စဉ်းစားဆင်ချင်သင့်ပါသည်။ အရှက်နှင့် ဂုဏ်သိက္ခါကိုထိန်းသိမ်းတတ်မှသာလျှင် နောင်မျိုးဆက်သစ်များ မျက်နှာငယ်မည်မဟုတ်ပေ။ ယနေ့ထိုင်းအမျိုးသ္မီးများကို ကမ္ဘာကအထင်သေးသလို မြန်မာအမျိုးသ္မီးများကို ကမ္ဘာကအထင်မသေးစေရန်ဆင်ချင်ရပေမည်။

လူအများ မေ့နေသောသူများ

ထိုင်းနိုင်ငံတွင် စာနာစရာအကောင်းဆုံးလူများတွင် တရားဝင်စာရွက်စာတန်းများမရှိ၍ အလွန့်အလွန်နာမကျန်းဖြစ်နေသူများပင်ဖြစ်သည်။ ၎င်းတို့အားထိုင်းဆေးရုံများမှ လက်မခံချင်ကြပေ။ အကြောင်းမှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ထိုင်းလူမျိုးများဆေးကုသရန် ဆေးရုံများကို Budget ထုပ်ပေးထားသည်။ ထိုင်းလူမျိုးများ၏ Budget ကို မြန်မာလူမျိုးများအတွက် ဆေးရုံများမှထုပ်မသုံးချင်ကြပေ။ ထို့ကြောင့် ထိုင်း NGO နှင့် နိုင်ငံခြား NGO များမှ ၎င်းလူနာများအား မြို့စွန် နယ်စွန်မှ ဆေးခန်း (သို့) ဆေးရုံအသေးစား များသို့ခေါ်ဆောင်သွားရသည်။ ဆေးရုံအသေးစားများတွင်လည်း ခေတ်မှီပစ္စည်း ကရိယာများမပြည့်စုံ၍ ဆေးကုသရာ၌အခက် အခဲရှိပြန်သည်။

-


နောက်လူတန်းစားတစ်မျိုးမှာ ထိုင်းထောင်တွင်းရှိ မြန်မာအကျဉ်းသားများပင်ဖြစ်သည်။ ၎င်းတို့နာမကျန်းဖြစ်သော်လည်း ထောင်တွင်း၌ အသေချာဆေးကုသခွင့်မရကြပေ။ ရိုးရိုးအကိုက်အခဲပျောက်ဆေးလောက်သာရတတ်သည်။ ထောင်သားများမှာ မည်သည့်ရောဂါဝေဒနာဖြစ်မှန်းမသိ ထောင်ထဲ၌ပင် ကွယ်လွန်သွားကြသည်။
၎င်းတို့အားလူ့အဖွဲ့အစည်းများမှ ကြည့်ရှူစောင့်ရှောက်ခြင်းနည်းပါးနေသေးသောကြောင့် ထိုင်းနိုင်ငံရှိ NGO များနှင့် လူ့အခွင့်အရေးအသင်းများမှ အထက်ပါလူနှစ်မျိုးကို ဂရုစိုက်ပေးကြပါရန်အထူးနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးအများစုသည် လွန်စွာဆင်းရဲနွမ်းပါးကြသည်။ မြန်မာပြည်သားချင်းအတူတူ ဤသို့ဒုက္ခရောက်နေကြသော လူများကို မိမိတတ်နိုင်သလောက် ကူညီကြရန် စောင့်ရှောက်ကြပါရန်နှိုးစော်ပါသည်။

ပညာတတ်မှ ကျွန်ဘဝမှလွတ်မည်

မြန်မာလူမျိုးများသည် ခေတ်အသီးသီးတွင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ခဲ့သော်လည်း မြန်မာလူမျိုးများမှာ ယနေ့ထိတိုင် ကျွန်ဘဝမှ မလွတ်ကြသေးပေ။ ပညာရေးမှာလည်းနုံချာခဲ့ပါသည်။ ပညာသည်မိမိဘဝ တိုးတက်ရေးအတွက်လွန်စွာအရေးကြီးသည်။ ပညာတတ်လာသည်နှင့်အမျှ မိမိဘဝ အချုပ်အနှောင်များမှတဖြေးဖြေးရုန်းထွက်နိုင်မည်။ ရုန်းထွက်နိုင်မှ ကျွန်ဘဝမှလွတ်မြောက်နိုင်မည်။

ယခု မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာတတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ၌ပညာသင်ယူနေကြသော ကျောင်းသားများမှ အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာ နှင့် ကွန်ပြူတာ ဘာသာရပ်များကိုသင်ကြားပေးနေကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာသင်ယူလိုလျှင်၊ အလုပ်ရှင်နှင့် ညှိနှိုင်းလို့မရခဲ့သောပြဿနာရှိခဲ့လျှင် yaungcheoo.fsm@gmail.com ကိုဆက်သွယ်ပါ။

စေတနာမေတ္တာဖြင့်

(ရောင်ခြည်ဦး)

No comments:

Post a Comment