Saturday, March 6, 2010

စစ်ဘီလူးကျွန်ဘဝမှလွတ်မြောက်ရန် စည်းလုံးညီညွတ်စွာရုန်းထွက်

ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့ Land of Smile

ထိုင်းမှ ဖြစ်ရပ်မှန် 1

မြန်မာလူမျိုးတစ်ယောက်ကို ဖာမား (သို့) ဖမာ့ လို့အခေါ်ခံလိုက်ရရင် စစချင်းနဲနဲတော့ ကျောတွန့်သွားမယ်။ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးကို ခွန်ဖာမား (သို့) အတိုခေါက် ဖာမားလို့ထိုင်းဘာသာစကားနဲ့ခေါ်ကြပါတယ်။ မြန်မာလူမျိုးအတွက် ကြားလို့မကောင်း နားဝင်မချိုတဲ့ အသံတစ်သံဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမြန်ခေါ်ရင် ဖာမား အသံမှာ မား အစား မ ပဲကျန်နေလို့ပါ။ ဖားမားလို့ခေါ်ကြခြင်းအကြောင်းကို သမိုင်းနဲ့ဖော်ပြရရင် ရှေ့ခေတ်မြန်မာဘုရင့်တပ်တွေ ထိုင်းနိုင်ငံမြောက်ပိုင်းဝင်လာရင် ထိုင်းလူမျိုးတွေဟာ မြောက်ပိုင်းလေသံနဲ့ ပမား (ဗမာ) တွေလာကုန်ပြီလို့အော်ပြီးသူတို့မြို့ရွာတွေမှာ သတင်းပို့ကြပါတယ်။ ထိုင်းမြောက်ပိုင်းကို မြန်မာစစ်တပ်သိမ်းပိုက်နိုင်ပြီးနောက် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ အယိုထရာ (အယုဒ္ဓယ) မြို့ကိုဆက်လက်သိမ်းလိုက်တဲ့အခါ ထိုင်းအလယ်ပိုင်းသားတွေက သူတို့အလယ်ပိုင်းအသံထွက်နဲ့ (လေသံ) ဖာမား လို့ခေါ်ကြပါတယ်။ ဒီနေ့ထက်ထိတိုင် ထိုင်းမြောက်ပိုင်းကလွဲလို့ မြန်မာလူမျိုးကို ဖားမားလို့ခေါ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်တိုင်းလို ထိုင်းကို မြန်မာက မတရားဝင်ရောက် သိမ်းပိုက်ခြင်း၊ သူတို့ဘုရားဆင်းတုတော်များ စေတီများ၊ မြို့ရွာနဲ့ နန်းတော် တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုင်းမိန်းခလေးများ အဓ္ဓမ မုဒိန်းကျင့်ခံခဲ့ရကြောင်း၊ ထိုင်းနန်းတွင်း မင်းသား၊ မင်းသမီးများကို မြန်မာဘုရင်များမှခေါ်ယူသွားကြောင်း၊ ထို့ကြောင့်ထိုင်းနိုင်ငံသားတွေက မြန်မာလူမျိုးကိုစိတ်နာပြီး မြန်မာမျိုးဆက် အဆက်ဆက်ပျက်စီးစေရန် အဖန်ဖန် ကျိန်ဆိုခဲ့ကြောင်းတွေကို ရုပ်ရှင်ရုံကြီးနဲ့ တီဗွီဇတ်ကားတွေမှာ နှစ်တိုင်းငြီးငွေ့ဖွယ်ကောင်းလောက်အောင်တင်ပြကြပါတယ်။ ထိုင်းက ပညာရေးမှာလည်း အထက်ပါအကြောင်းအရာတွေကို ကျောင်းမှ ခလေးတွေကိုသင်ကြားပေးကြပါတယ်။ ဒါကြောင့် ထိုင်းမျိုးဆက် အဆက်ဆက်တိုင်းမှာ မြန်မာလူမျိုးကို မုန်းတီးတဲ့စိတ်အနည်းနဲ့ အများကိုယ်စီရှိကြပါတယ်။

မြန်မာနိုင်ငံရေး၊ စီးပွါးရေး နှုံချာလာတာနဲ့အမျှ မြန်မာလူမျိုးများနိုင်ငံခြား ထွက်ပြီးအလုပ်ရှာကြပါတယ်။ မြန်မာနိုင်ငံ ရဲ့အခြေအနေဟာ ကြာလေအာဏာရှိလူတစ်စုနဲ့ စီးပွါးရှင်လူတစ်စုကလွဲလို့ပြည်သူတစ်ရပ်လုံးမှာ အကျပ်အတည်းပေါင်းမျိုးစုံနဲ့ရင်ဆိုင်နေကြရပါတယ်။ အရင်ကမြန်မာဘွဲ့ရပညာတတ်နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ကြတယ်၊ နောက်ပိုင်းတက္ကသိုလ်ကကျောင်းသားတွေ ကျောင်းထွက်ပြီးပြည်ပမှာအလုပ်သွားလုပ်ကြတယ်။ အခုခေတ် တစ်လ တစ်လ အိမ်စားရိတ်ရအောင်မနည်းလုံးပန်းနေရတဲ့ ခေတ်ပျက်မှာ ၁၀ တန်း ကျောင်းသား ကျောင်းသူလေးတွေပြည်ပထွက်အလုပ်လုပ် အိမ်ကိုငွေပို့ရတယ်။ သနားစရာကောင်းတဲ့မြန်မာလူငယ်တွေ ပညာရေးအတွက်ငွေမလိုက်နိုင် မိသားစုဝမ်းစာရေးအတွက်သာ အသက်ငယ်ငယ်နဲ့ရုန်းကန်နေကြရရှာတယ်။

မြန်မာတိုင်းရင်းသားအများစုမှာတော့ ပတ်စ်ပို့လည်းမလုပ်နိုင် မှောင်ခိုပွဲစားတွေအားကိုးပြီး ထိုင်းမှာ တရားမဝင် သွားရောက်အလုပ်လုပ်ကြတယ်။ ထိုင်းရဲက ဖမ်းလို့ ရှောင်ရပြေးရတဲ့ဒုက္ခ၊ အဖမ်းမခံချင်ရင် ရှာထားသမျှ အိမ်အတွက်စုထားသမျှရွှေတိုငွေစလေးတွေကို ထိုင်းရဲကိုသာကြွေးလိုက်ရတယ်။ ကုန်သွားတော့ပြန်ရှာ ပြီးရင်ရဲစာမိ ကံကောင်းလို့အရှောင်တော်ရင် အိမ်ပို့ရန်ငွေကျန်ပြီသာမှတ်။ မြန်မာယောက်ျားတွေအတွက်ဘယ်လောက်ပဲရုန်းကန်ရပေမဲ့ မြန်မာမိန်းခလေးတွေလောက်တော့အဖြစ်မဆိုးဘူး။ မိန်းခလေးတွေမှာတော့ ရဲလာဖမ်းလို့ငွေပေးနိုင်ရင်ပေး မပေးနိုင်ရင်လူပေးရတာတွေရှိတယ်။ မိန်းခလေးတွေမှာလည်း အိမ်ကဆင်းရဲလွန်းတဲ့ မိဘသားစုအခြေအနေ၊ မောင်ငယ် ညီမငယ်တွေရဲ့ပညာရေး ညှာတာပြီး အစ်မကြီးဖြစ်သူတွေမှာကျောင်းကထွက် ပြီးသူများနိုင်ငံသွားအလုပ်လုပ်ကြခြင်းပဲဖြစ်ပါတယ်။

တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတွေ ရက်စက်မှုအောက်မှာ မြန်မာလူမျိုးတွေရဲ့ ဒုက္ခဆင်းရဲ နွမ်းပါးမှုတွေကို အိမ်နီးချင်းနိုင်ငံလည်းံဖြစ်၊ ဗုဒ္ဓဘာသာအချင်းချင်းလည်းဖြစ်တဲ့ ထိုင်းနိုင်ငံသားအများစုတွေဟာ မြန်မာလူမျိုးအပေါ် ကိုယ်ချင်းစာနာရမဲ့အစား သူတို့နှုတ်မှပြောရက်လိုက်တဲ့စကားတွေမှာ ''အရင်ခေတ်က ဗမာကိုစစ်ရှုံးတုန်းက ငါတို့ ဘိုးဘေးတွေတောင်းခဲ့တဲ့ဆု (ကြိမ်စာ) အခုခေတ်မှာပြည့်ပြီဟေ့။ အရင်ဘဝကငါတို့ထိုင်းကိုနှိပ်စက်ခဲ့လို့ ဒီဘဝမှာမြန်မာတွေ ငါတို့ဆီမှာကျွန်လာခံနေကြပြီ။ ဖာမားတွေသူတို့ခေါင်းဆောင်က သူတို့ကိုပြန်နှိပ်ဆက်နေကြပြီ။ ငါတို့ ထိုင်းလူမျိုးဖြစ်ရတာဂုဏ်ယူတယ်'' အစရှိတဲ့စကားတွေ မကြခဏပြောကြပါတယ်။

စိတ်မကောင်းစရာအကြောင်းတစ်ရပ်ကတော့
၂၀၀၇ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ရင်နင့်စရာအကြောင်းပါ။ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာအလုပ်လုပ်နေတဲ့ မြန်မာအပျိုလေးတွေကို ထိုင်းမာဖီယာတွေ အုပ်စုကကားတင်ပြီးတိုက်တစ်တိုက်မှာကြက်လို ငှက်လိုလှောင်ထားပြီး အလှည့်ကျမုဒိန်းကျင့်ကြပါတယ်။ မုဒိန်းကျင့်ရာမှာလည်း စိတ်ကြွဆေးတွေကို အတင်းကျွေးပြီးပြုကျင့်ကြတယ်။ ထို့နောက်ထိုင်းငါးဖမ်းသင်္ဘောတွေကိုပို့ပေးပြီး ထိုင်းသင်္ဘောသားတွေကို ကြိုက်သလိုမုဒိန်းကျင့်ခိုင်းကြတယ်။ အဲဒီလှောင်အိမ်တိုက်ပေါ်က ခုန်ချပြီးထွက်ပြေးလွတ်မြောက်သွားတဲ့ မြန်မာမိန်းခလေးမှ ထပ်ပြန်ပြောပြသည်မှာ သူတို့ကိုထိုင်းမာဖီယာတွေက ညစ်ပတ်ကြမ်းတမ်းစွာဆဲတဲ့အပြင် နင်တို့ခွေးမတွေ ငါတို့ကျွန်ဖြစ်နေပြီမဟုတ်လားလို့အော်ဟောက်ပြီးမုဒိန်းကျင့်ကြောင်းကိုပြောပြပါတယ်။ ဒီလိုလူမဆန်မှုတွေကိုမခံမရပ်နိုင်ဖြစ်တဲ့ စေတနာရှင်မြန်မာယောက်ျားတစ်ယောက်ဟာ ထိုင်းအမျိုးသ္မီးကယ်ဆယ်ရေး ''ပဝီနာ'' အသင်းကိုအကြောင်းကြား ရဲတွေနဲ့အတူမာဖီရာတွေရှိတဲ့နေရာကိုလိုက်ပြတော့ သူမရှိခိုက်သူ့အိမ်က ကိုယ်ဝန်သည် ခယ်မကို မာဖီရာတွေပြစ်သတ်သွားပါတယ်။ နောက်ဆုံးမာဖီရာနဲ့ထိုင်းပလိပ်ဟာဝေစား မျှစားတွေမို့ အဓိကကျတဲ့မာဖီရာခေါင်းဆောင်ကို မဖမ်းနိုင်ခဲ့ကြပါဘူး။ ဒီသတင်းနဲ့ပတ်သက်လို့ထိုင်းလူမျိုးအများသိကြပေမဲ့စာနာတဲ့စိတ်နဲ့မြန်မာဘက်ကထွက်ရပ်ပေးတာမရှိခဲ့ပါဘူး။ သို့သော် မြန်မာလူမျိုးတစ်ယောက်ကသာ ထိုင်းတစ်ယောက်အပေါ်စော်ကားမိပါက မြန်မာမကောင်းကြောင်းအပ်ကြောင်းထပ်ပြီးပြောကြမည်။ ထိုင်းတိုင်းပါးစပ်ကထွက်တာကတော့ ဖာမားတွေငါတို့နိုင်ငံထဲအရမ်းဝင်တာပဲဆိုပြီးမနှစ်သက်တဲ့မျက်နှာနဲ့ပြောကြပါတယ်။

သူတို့နဲ့စကားများမိလို့ကတော့ ဟေးဖမာ့တွေ တို့နိုင်ငံကထွက်သွားကြစမ်းလို့မောင်းထုတ်ခံရမယ်။ ကလေးချင်းဖြစ်တာတောင် ဖမာ့ ဖမာ့ လို့ထိုင်းကလေးကလှောင်သေးတယ်။

ဒီပို့စ်ကိုရေးရခြင်းအကြောင်းက ထိုင်းလူမျိုးများဟာ မြန်မာနှင့်အိမ်နီးချင်းနိုင်ငံဖြစ်သော်လည်း စီးပွါးရေးအရ မြန်မာတက်လာမှာကိုစိုးရိမ်ကြတယ်။ ဒါမှသူတို့ပြိုင်ဖက်နည်းမယ်လေ။ ဗုဒ္ဓဘာသာအချင်းချင်းဖြစ်သော်လည်း မြန်မာလူမျိုးအပေါ်စာနာမှုမရှိ။ နေရာတိုင်းမှာ ထိုင်းလူမျိုးကိုသာဦးစားပေးပြီး မြန်မာကိုအပျော့နည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုးနှိပ်ကွတ်ထားပါတယ်။

ဒါတွေဟာဒီမိုကရေစီနိုင်ငံလို့ကြွေးကျော်နေတဲ့နိုင်ငံ land of smile လို့ကြွေးကျော်နေတဲ့နိုင်ငံဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူလည်းများတဲ့နိုင်ငံဖြစ်ပါတယ်။ အထင်ရှားဆုံးက မြန်မာလူမျိုးအပေါ် Discrimination လုပ်ပြီး Racism နိုင်ငံတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းဖြစ်ရပ်မှန် 2

သားမှာဘာအပြစ်ရှိလို့လဲ

ဟီးဟီး မျက်ရည်ပေါက်ကြီးငယ်နဲ့ ကျောင်းကနေအိမ်ကို ငိုပြီးပြန်လာတဲ့ ကလေး။
ဒီလိုငိုပြီးပြန်လာတဲ့ကလေးပေါင်းများစွာရှိပါတယ်။
အိမ်ရောက်တော့ ငိုသံကပိုကျယ်လာတယ်။
အမာ ဟီးဟီး အမာ (သူ့အမေကိုခေါ်သံ)။
ဟဲ့အမာ ဒီမှာ ဘာဖြစ်လာတာလဲ ဘာလို့ဒီလောက် ငိုလာရတာလဲ။
သားကျောင်းကိုနောက်ဘယ်တော့မှ မသွားတော့ဘူး။
ဟဲ့ ဘာဖြစ်တာလဲပြောစမ်းပါအုံး။
သားကို ဆရာမက ဟဲ့ကောင် ကုလားလို့ခေါ်တယ်။ အဲဒါအတန်းထဲက သူငယ်ချင်းတွေက ကုလား ကုလား ဝက်----စားလို့ စတယ်။ ကျောင်းဆင်းတော့ စောက်ကုလားလို့အခေါ်ခံရတယ်။ သားသူတို့ကိုဘာမှ မလုပ်ပဲဝိုင်းအနိုင်ကျင့်တယ် ဟီးဟီးဟီး။
အမာ ဆရာမကိုပြောပေးမယ် ကျောင်းပြန်တက်ပါနော်။
ဆရာမကိုပြောတော့ ခလေးတွေပဲ စကြတာ၊ ဘွေမယူပါနဲ့။ ကျောင်းအုပ်ဆရာကြီးတိုင်ပြန်တော့ အသေးအမွှားကိစ္စတွေအတွက်အချိန်မပေးနိုင်ဘူးတဲ့လေ။
ဒါနဲ့ပဲ ဒီကလေးဟာ သည်းခံလိုက်၊ ခံပြင်းလိုက် စိတ်ဖိစီးမှုမျိုးစုံနဲ့သူ့ပညာရေးလမ်းကျောင်းကိုဖြတ်လာခဲ့ရပါတယ်။

အိမ်မှာ : သားမှာဘာအပြစ်ရှိလို့လဲ သားကို ဝိုင်းစကြတာ အနိုင်ကျင့်ကြတာ။ မျက်ရည်လေးဝဲပြီးသူ့မိခင်ကိုမေးရှာတယ်။ မိခင်ဖြစ်သူမှာလည်းမျက်ရည်တွေစို့လို့ သက်ပြင်းချပြီးသားလေးကိုနှစ်သိမ့်တဲ့အနေနဲ့ခေါင်းလေးကိုပွတ်သပ်ပေးနေတော့တယ်။ မိခင်ရဲ့စိတ်ထဲမှာ သားရယ် အမာတို့ခေတ်ကလည်းဒီလိုပဲ ပတ်ဝန်းကျင်ရဲ့အနိုင်ကျင့်မှု လူမျိုး၊ ဘာသာ အသားရောင် ခွဲခြားနှိမ်နင်းမှုတွေခံခဲ့ရပါတယ်။ အဲဒီအမွေတွေသားဆက်လက်ခံနေရပြီပေါ့။ သားကြီးလာရင်ခံနိုင်ရည်ရှိဖို့လိုတယ် သား။ အမာတို့ လူနည်းစုမှာ ဘာမှတောင်းဆိုပိုင်ခွင့်မရှိဘူး။ မြန်မာပြည်မှာမွေး (တစ်မြေထဲမွေး)၊ မြန်မာပြည်မှာကြီး မြန်မာစကားပြောနေပေမဲ့လည်း အမာတို့မှတ်ပုံတင်မှာတော့ဧည့်နိုင်ငံသားတဲ့လေ။ နောင်တစ်ချိန်မှာ လူ လူ ချင်းနှိမ်တာတွေ ပပျောက်သွားပါစေလို့ပဲ အမာ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။

မြန်မာနိုင်ငံတွင်းဖြစ်ရပ်မှန် 3

မားမား ငါကျောင်းထွက်ပြီး စီးပွါးရေးလုပ်မယ်။
လူ့ ဘွဲ့မှမရသေးတာ ဘာလုပ်ကိုင်စားမလဲ။
ဘိန်းရောင်းစားမယ်။
ဘုရား ဘုရား ဝင်းမောင် လူ့ ရူးသွားပြီလား ဟာ။ ကျောင်းကောင်းကောင်းထားတာ ဘာဖြစ်လို့ ဘိန်းရောင်းချင်ရတာလဲ။

အေး ငါ့ကို ဗမာသူငယ်ချင်းတွေ၊ ဆရာတွေက တရုပ်ပေါက်ဖော် တရုပ်ဘိန်းစားလို့ခေါ်ကြတယ်။ အစိုးရရုံးကိစ္စရှိလို့သွားရင်လည်း နာမည်မခေါ်ဘူး ဟဲ့တရုပ်လို့အခေါ်ခံရတယ်။ သူတို့ခေါ်တာကခင်လို့မဟုတ်ဘူး လူကိုနှိမ်ပြီးခေါ်တာ။ ငါတရုပ်အဖြစ်မွေးလာတာ ငါဘာမှားလို့လဲ။ ငါ လည်းငါ့မျက်နှာဓါးနဲ့လှီးပြစ်လို့မရတဲ့နောက် သူတို့ခေါ်ရကျိုးနပ်အောင် ဘိန်းရောင်းစားပြီးသူဋေး ဖြစ်အောင်လုပ်မယ်။ ငါချမ်းသာမှ ကုမ္ပဏီထောင်ပြီး ငါ့နှိမ်တဲ့လူတွေကို ခိုင်းစားမယ်။

အမလေး လူ့ ဘိန်းရောင်းစာရင်လေ မားမားကိုသာအရင်သတ်လိုက်တော့။ လူ့ ကိုပညာတတ်ကြီးဖြစ်စေချင်လို့ ရှိသမျှရွှေရောင်းပြီး ကျောင်းထားပေးထားတာ လူ့ မိုက်ရင် မားမားဘယ်လိုဆက်နေနိုင်မလဲဆိုပြီးငိုပွဲစတော့တာပဲ။ လူ့ အဖိုးကမြန်မာပြည်ကိုပြောင်းလာတာ မားမားလည်းဒီမှာမွေးတယ် လူး လည်းဒီမှာမွေးတယ်။ မားမားတို့မှာ လူနည်းစု ပြည်သူပိုင်သိမ်းခံရပြီး ဆင်းရဲတယ်။ လူ့ သူများစကား ဂရုမစိုက်နဲ့။ ကိုယ့်ဟာကိုယ် ပညာတတ်ကြီးဖြစ်အောင်ကြိုးစား သမ္မာအာဇီဝအလုပ်နဲ့ချမ်းသာအောင်လုပ် ဒါမှ လူ့ အောက်ကျမခံရမှာ။

ဝင်းမောင် တစ်ယောက်သူ့မိခင်စကားကိုနားထောင်ပြီး လူမျိုးရေးအနှိမ်ခံခဲ့ရသည်များကို သူ့ဘဝ၏ ခံပြင်းချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုအခါမှာ မြန်မာနိုင်ငံမှ လူသိများတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်နေပါပြီ။ သူ့ကုမ္ပဏီမှ ဝန်ထမ်းအားလုံးဟာ မြန်မာလူမျိုးစစ်စစ်တွေများကြပါတယ်။ သူ့ကို လူမျိုးရေးအရနှိမ်ခဲ့တဲ့လူများဟာလည်း အခုအခါ ဝင်းမောင်ကို တရုပ်ဘိန်းစားမခေါ်ဝန့်ပဲ ဆရာ ဆရာနဲ့ ကပ်ဖား ရပ်ဖားများလုပ်ပြီးကိုယ်ကျိုးရှာနေကြပါပြီ။ အခုဆင်းရဲနွမ်းပါးတဲ့ခေတ်ပျက်မှာ တရုပ်လူမျိုးများစီးပွါးရေးအရတိုးတက်လာပြီး လူမှုရေးအရစော်ကားမှု နှိမ်နင်းခံရမှုများရော့နည်းလာပါတယ်။

နိုင်ငံတိုင်းမှာ လူများစုက လူနည်းစုကို (တစ်နည်း အားနည်းသူ) နိုင်မယ်။ ဒါဟာ လူသတ္တဝါတို့ရဲ့သဘာဝဖြစ်တယ်။ လူမှာ ကိုယ်ကျင့်တရားကောင်းရင် နတ်ထက်မြင့်မြတ်တယ်။ ယုတ်မာရိုင်းစိုင်းရင်တော့ တောရိုင်း တရိစ္ဆန် ထက်ပိုဆိုးတယ်။ ကိုယ့်စိတ်ကို မွန်းမန်အလှစင်နိုင်တာဟာ မေတ္တာတရား။ ကောင်းသောမိဘက ကောင်းတဲ့မျိုးစက်သစ်ပဲမွေးဖွားမယ်။ မိဆိုးဖဆိုးတို့မှာတော့ လူမျိုးဘာသာစော်ကားရုံမက၊ ဘုရားသားခေါင်းတောင် ရိုက်ခွဲသတ်ဖြတ်ရဲတဲ့ မိစ္ဆာသတ္တဝါတွေကိုမွေးမယ်။

နိုင်ငံခြားရောက်မြန်မာလူမျိုးများမှာ တစ်နည်း (သို့) တစ်နည်းအနှိမ်ခံကြရပါတယ်။ ဂျပန်နဲ့ စင်ကာပူနိုင်ငံက တစ်ချို့အလုပ်ကျော်ငြှာစာမှာ မြန်မာကလွဲလို့အချားလူမျိုးတွေ လျှောက်လွှာတင်နိုင်တယ်ဆိုတာပါဘူးပါတယ်။ ကိုရီယား၊ မလေး၊ ထိုင်းမှာလည်းလူမျိုးရေးအရအနှိမ်ခံရပါတယ်။ အခုခေတ်မှာ တိုင်းတစ်ပါးသားတို့ရဲ့အနှိမ်ခံဘဝသို့သက်ဆင်းနေချိန်မှာ တစ်မြေထဲမွေး လူ အချင်းချင်းပြန်နှိမ်ဘို့မကောင်းတော့ပါဘူး။

မြန်မာမျိုးစက် အဆက်ဆက်အတွက်အကောင်းဆုံးနမူနာမှာ ကျူးကျော်သူနယ်ချဲ့အစိုးရကိုတိုက်ထုတ်ဘို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဘာသာခြားတွေ၊ တိုင်းရင်းသားတွေကိုစည်းရုံးနိုင်ခဲ့ပါတယ်။ မြန်မာပြည်ဖွားတွေစည်းလုံးညီညွတ်စွာပေါင်းပြီးတော်လှန်ခဲ့ကြလို့ လွတ်လပ်ရေးရခဲ့တာ သမိုင်းမှာထင်ရှားရှိနေပါတယ်။

ဒီနေ့နှုံချာစုတ်ပြတ်နေတဲ့မြန်မာနိုင်ငံမှာ Discrimination နဲ့ Racism ကိုတိုက်ဖျက်ပြီး (လူမျိုး ဘာသာ အသွေးအရောင်မခွဲ) တစ်မြေတည်းမွေး တစ်ရေတည်းသောက် ဒို့မြန်မာဆိုတဲ့စိတ်ဓါတ်မွေးပြီး စည်းလုံးညီညွတ်မှုရှိလာမယ်ဆိုရင် မိစ္ဆာစစ်ဘီလူးတို့ရဲ့ ကျေးကျွန်ဘဝကလွတ်မြောက်နိုင်မှာပါ။

5 comments:

  1. ရေးထားတာကောင်းတယ်။
    သားသမီးဆိုတာ မိဘကို ရွေးချယ်ပိုင်ခွင့်မရှိကြဘူး
    ဒီလိုလူမျိုးခြား မိဘကနေ မွေးလာလို့ လူဖြစ်ရကျိုးမနပ်ဘူးလို့ ဆိုရင်
    တစ်သက်လုံးအနှိမ်ခံနေရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေရဖို့ပဲရှိတော့တယ်။

    ReplyDelete
  2. ရင်နဲ့ခံစားပြီး ဖတ်သွားတယ်ရှင် ထိုင်းမှာ ငါးနှစ် နေခဲ့တာဆိုတော့ အကုန်သိကြားမြင်နေရတော့ အရမ်းခံစားရတယ်..

    ReplyDelete
  3. လာဖတ်သွားပါတယ်။ သိပ်ကိုကောင်းပါတယ်။ အားပေးနေပါတယ်။ ကျွန်မသတိထားမိတာ လူမျိုးခွဲခြား၊ လူတန်းစား ခွဲခြားတာ ကျွန်မတို့ မြန်မာလူမျိုးတွေက တခြားလူမျိုးတွေထက် ပိုဆိုးသလိုပဲ။ လူသားအချင်းချင်း ခွဲခြားခြင်း ကင်းဝေးပါစေ။

    ReplyDelete
  4. စိတ်ဝင်တစားနဲ့ကို ဖတ်သွားပါတယ်...နောင်ကိုလည်းမျှဝေပေးနိုင်ပါစေ...

    လေးစားခင်မင်စွာဖြင့်
    အင်ကြင်း

    ReplyDelete
  5. Keep up your good work. Nice and interesting posts for those who wish to see something more than narrow minded nationalism. This blog is all about Humanity.
    regards,
    Kyaw Kyaw Oo

    ReplyDelete