Saturday, March 20, 2010

ပြည်သူ့အသံ အပိုင်း (၁)

မြန်မာပြည်သူများနှင့်တွေ့ဆုံအင်တာဗျူးလုပ်ခဲ့သည်များကို စာဖတ်သူများအားဝေမျှလိုက်ပါတယ်။

အင်တာဗျူးဖြစ်မြောက်အောင် ကူညီပေးခဲ့ကြတဲ့ဘလော့ဂါသူငယ်ချင်းများနှင့်အတူ အင်တာဗျူးဖြေပေးတဲ့မြန်မာပြည်သူများကို ဒီကနေအထူးကျေးဇူးတင်ရှိပါကြောင်းပြောလိုက်ပါတယ်။

အင်တာဗျူးမေးခွန်းများ
1. မြန်မာပြည်ဖွားတွေအတွက် ကိုယ့်နိုင်ငံသားအချင်းချင်း လူမျိုးရေး၊ ဘာသာရေး အနှိမ်ခံရတာကို ဘယ်လိုခံစားရပါသလဲ ခံစားချက်လေးတွေပြောပြစေချင်ပါတယ်။

2. ဒီအတွက် မြန်မာပြည်ဖွားတွေ ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို့ထင်ပါသလဲ။

3. အရိုးစွဲ နုတ်ကျိုးနေတဲ့ အခေါ်အဝေါ်တွေ ဖြစ်တဲ့ ကုလား ကုလားခေါ်တာ၊ တရုတ် ၊ တိုင်းရင်းသားတွေကို အားမနာပ xxxx ခေါ်တာတွေပပြောက်သွားမယ်လို့ထင်ပါသလား။


ကိုအောင်မျိုး
1. ခံစားချက်တွေကများ လို့ လိုရင်း တိုရှင်းဖြေရန်မလွယ်ပါ ... တက်နိုင်သလောက်တော့ ဖြေကြည့်မယ်
တနိုင်ငံလုံး နာဇီ ကွန်မြူနစ် ထောင်ထဲ ရောက်နေတယ်လို့ ခံစားရတယ်...

2. နိုင်ငံမှာ လူ့အခွင့်အရေးရှိလာ အောင်ပြုပြင်ပြောင်းလဲ သင့်တယ်လို့ ထင်ပါတယ်....ဘယ်လို ပြောင်းရမည်းဆိုတော့ တချို့ အလုပ်တွေကို ပြောရမှာဖြစ်ပြီး တချို့ အလုပ်တွေက ပြောဆိုနေရမည့် အလုပ်မဟုတ်တော့ မပြောဘဲ လုပ်ရမှာဖြစ်ပါတယ်...

3. လူတိုင်းမှာ ကိုယ်ပိုင်စိတ်ဝင် စားစရာတွေ ရှိရင် သူများကို စိတ်မ၀င်စားတော့ပါဘူး.. အဲ့ဒီလို စိတ်မ၀င်စားရင် နှိမ်ဘို့လည်းစိတ်မ
ဝင်စားတော့ပါဘူး... ဒီအပြင် လူတွေဟာ ကိုယ့်ကိုယ် ကို တန်ဖိုးထားလာတက်ဖို့ လိုပါတယ် ကိုယ့်ကို ကိုယ်တန်ဖိုးထားလာရင် နေရင်းထိုင်ရင် သူများကိုပါ တန်ဖိုးထားလာတက်ပါတယ်... ဒါတွေကိုခြုံကြည့်လိုက်ရင် မြန်မာပြည်သားများ အနာဂတ်လှလှ ပိုင်ဆိုင်နိုင်ခွင့် ရှိလာရင် ပပြောက်သွားမှာပါ....

နိုင်ငံရေးသမားတစ်ယောက်
နိုင်ငံခေါင်းဆောင်တွေက ပညာမတတ်ဘူး။ သူတို့ဟာ တောထဲမှာ ကိုယ့်တိုင်းရင်းသားနဲ့ပတ်ပြီးစစ်ပဲတိုက်နေခဲ့တယ်။ ရာထူးရာခံတိုးလို့မြို့တက်လာတော့ တွေ့သမျှပြည်သူကိုလည်း စစ်ကွင်းထဲကရန်သူလို့ပဲမြင်ကြတယ်။ သေးသိမ်တဲ့စိတ်တွေနဲ့ သူတို့အသိုင်းအဝိုင်းကောင်းစားဘို့ပဲအဓိကထားကြတာပြည်သူတွေအမြင်ပါ။ သူတို့အာဏာမြဲအောင်၊ ပြည်သူလူထုကို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေနဲ့သွေးထိုး ဖြားယောင်းပြီး အာရုံပြောင်းပေးထားကြတယ်။
ဒါကိုအသိအလိမ္မာပညာရှိတဲ့မြန်မာလူမျိုးတိုင်းသိကြပါတယ်။ တိုင်းပြည်ခေါင်းဆောင်က ပညာမတတ်လုပ်ချင်ရာစွတ်လုပ်နေတော့ ပညာတတ်တွေ နိုင်ငံခြားထွက်ပေးရတာပေါ့။ မြန်မာတိုင်း လူ့အခွင့်အရေးရရှိဘို့အတွက် လက်မလျှော့တန်းဆက်တိုက်ရမယ်။

ဒေါက်တာစန်းယု
မြန်မာနိုင်ငံမှာမွေးတဲ့ ကျွန်တော်တို့တွေဟာ လူမျိုးရေးအရအနှိမ်ခံရတာကြောင့် ပညာရေး၊ စီးပွါးရေးမှာ သူများထက်ပိုကြိုးစားရပါတယ်။ ကြိုးစားပေမဲ့လည်း တရုတ်လူမျိုးကိုအထက်ထိတက်ခွင့်မပေးပါဘူး။ တစ်ခါတစ်လေအိမ်တိုင်ရာရောက် သန်းခေါင်စာရင်းစစ်၊ ဟိုစစ် ဒီစစ်တွေလာလုပ်ကြပါတယ်။ အိမ်ရှေ့ဘုရားစင်ပေါ်မှာ ကိုအင်မယ်တော်ပုံတင်ထားမိရင်တော့အစစ်ဆေးအမေးအမြန်းကထူပါတယ်။
အဲ ဗုဒ္ဓဆင်းတုတော်ကိုဘုရားစင်အလယ်မှာတင်ထားရင်တော့ အဲဒီနေ့အစဉ်ပြေသွားပြီ။ လူမျိုးရေးအရနှိမ်ပြီး ဘဝတက်လမ်းကိုပါလိုက်ဒုက္ခပေးနေတာဟာ ရှင်းရှင်းပြောရရင်လူ့အခွင့်အရေးကိုလိုက်ပိတ်ပင်တာပေါ့ဗျာ။ အဲတော့ဆရာဝန်တွေဆို အမေရိက ကိုထွက်သွားကြတာများတယ်။ အဲဒီကတစ်ဆင့် မြန်မာပြည်မှာအနှိမ်ခံနေရသေးတဲ့ ညီအစ်ကို မောင်နှမတွေကို ခေါ်ထုတ်ရတယ်။ အချို့ကလည်း တိုင်ဝမ်ကအမျိုးတွေနဲ့ပြန်ဆက်သွယ်ပြီး တိုင်ဝမ်ကိုထွက်ကြတယ်။ အချို့ကတော့ ဟောင်ကောင်နဲ့ စင်ကာပူ စတဲ့နိုင်ငံတွေကို အသီးသီးထွက်လာကြပါတယ်။ မြန်မာနိုင်ငံဟာဆင်းရဲသထက်ဆင်းရဲနေပေမဲ့လည်း လူမျိုးရေးအရနှိမ်တာရော့မသွားတဲ့အပြင် ပိုပြီးများလာပါတယ်။ အစိုးရအနေနဲ့ပြည်သူတွေကို ကိုယ့်နိုင်ငံမှာပညာသင်ပြီး ကိုယ့်နိုင်ငံကိုပြန်လုပ်ကျွေးစေချင်ရင် ဒီလူမျိုးရေးအရနှိမ်တာကိုအရင်ပပြောက်အောင်လုပ်ရမယ်။ ပြည်သူကိုဆက်ပြီးနှိတ်ကွတ်နေရင်တော့ လူ့အခွင့်အရေးရှိတဲ့နေရာကိုပြောင်းရွှေ့နေရမှာပါ။ ကျွန်တော့အမြင်အရပြောရရင် လူ့တန်ဖိုးမသိသမျှကာလပတ်လုံး အရိုးစွဲ နုတ်ကျိုးနေတဲ့ အခေါ်အဝေါ်တွေပျောက်သွားဘို့ဆိုတာမဖြစ်နိုင်ပါဘူး။

ကိုနိုင်
မြန်မာပြည်သား အချင်းချင်းကိုယ့်နိုင်ငံသားအချင်းချင်း လူမျိုးေ၇း။ ဘာသာရေး အနိမ်ခံရတာ ကိုဘယ်လိုပြောရမှန်းကိုမသိပါဘူးဗျာ ။ ရင်ထဲမှာတော်တော်လေးကိုနာကျင်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာမွေးတာပါ ။ အဖေ အမေ အဖိုးအဖွားတွေလဲ မြန်မာပြည်ပေါက်ပါ ။ ဒါပေမယ့်ကျွန်တော်တို့က အစ္စလာမ်ဘာသာကိုခံယူထားတော့ ကျွန်တော်တို့ကို ကုလား ကုလား လို့ခေါကြတယ် ။ ဒါပေမယ့်ကျွန်တော်တို့ဟာ မြန်မာနိင်ငံသားပါ။ ဘယ်တိုင်းပြည်နဲ့မဆို စစ်တိုက်ရင်တောင် မြန်မာဘက်ကတိုက်ရမှာပါ။
နိုင်ငံသားလက်မှတ်( မှတ်ပုံတင်) ပြုလုပ်ရာမှာလဲ အရမ်းခက်ခဲပါတယ်။ အဖေအမေ မှာ မှတ်ပုံတင်ရှိရဲ့သားနှင့် အဖိုး အဖွားမှာ နိုင်ငံသားခံယူထားတဲ့ကတ်တွေ၇ှိရဲ့သားနှင့် ကျွန်တော်တို့ကို နိုင်ငံသားကတ်ထူတ်ပေးဖို့ တအားရစ်ပါတယ်။ တရုတ်လူမျိုးဆိုရင်လဲ ထိုနည်းအတိုင်းပါပဲ ။သူတို့ဆို၇င် ဘာသာက ဗုဒ္ဒဘာသာပါပဲ။ ဒါပေမယ့်ဗျာ တရုတ်ဆိုရင်လည်းထိုနည်းအတိုင်းပါပဲ ။ ယခုလို ကုလား ကုလား ။ တရုတ်တရုတ် လို့ခေါ်ဝေါ်
နေတဲ့ အခေါ်အဝေါ် ဟာလည်းပြောင်းလဲ သွားမယ် မထင်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်မှာ တရုတ်လူမျိုး ကုလားလူမျိုးဆိုရင် ရာထူးမတက်ပါဘူး အနိမ်ခံဘ၀ပါ။ စစ်တပ်မှ မဟုတ်ပါဘူး အစိုးရ ဋ္ဌာန တိုင်းမှာကို အဲလိုပါပဲ။

ကျောင်းမှာဆို၇င်လည်း ကုလားကလေးတွေကို ဆရာမတွေက နိမ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အဲလိုအနိမ်ခံပြိးကျောင်းတက်ခဲ့ရပါတယ်။ ပြိးတော့ကျွန်တော်ထင်တာက မြန်မာလူမျိုးတွေက ကလားလူမျိုးတစ်ယောက်ကို ကုလားလို့ခေါ်တာဟာ ဗမာလူမျိုးတွေကြားထဲမှာ ကုလားတစ်ယောက်ကိုနိမ်ချလိုက်တယ်လို့ စိတ်ထဲမှာထင်ပုံရပါတယ်။ အဲသလိုပဲ တရုတ်တစ်ယောက်ကိုလဲ တရုတ်လို့ခေါ်ခြင်းဟာ နိမ့်ချပြိးခေါ်တယ်လို့ယူစပုံ၇ပါတယ်။ အမှန်က ကိုယ်နိုင်ငံသားအချင်းချင်းပဲ နာမည်မသိရင်တောင် ကိုဘယ်သူ ။ အကို ။ အမ စသည်ဖြင့်ခေါ်လို့ရပါတယ်။
ဒါတောင်မှ သူတို့တွေဟာ ဟိုကုလား ကလေ ဟိုကုလားမ ကလေ ဟိုတရုတ်ကလေ ဟိုတ၇ုတ်မကလေစသည်ဖြင့်ခေါ်လေ့၇ှိတယ် ။

ဘာဖြစ်လို့လဲဆိုတော့လက်၇ှိတိုင်းပြည်အုပ်ချုပ်နေတဲ့ လူကြိးတွေကိုက ။ ကုလားလူမျိုး ဖြစ်စေ တရုတ်လူမျိုးဖြစ်စေ နှိမ်ထားရမည်လို့ အောက်လက်ငယ်သားတွေကိုသွန်သင်ထားလို့ပါ။ ကျွန်တော်တို့အဲသလိုခေါ်ခံရလို ရင်နာပေမယ့်ဘာမှမတက်နိုင်ဘူးလေ --ဟုတ်တယ်မလား ။ကျွန်တော်တို့ကမွေးဖွားလာတာကိုက မြန်မာပြည်မှာမွေးလာတာကို --------ဘယ်အရာကိုအပြစ်တင်ရမလဲ --------ကံတရားကိုလားးးးးးးးးးးး ဘုရားသခင်ကိုပဲလားးးးးးးးးးးး
မပြောတက်တော့ပါဘူးဗျာ။
တော်ပါပြီဗျာ ဆက်မပြောတော့ပါဘူး
၇င်နာလို့ပါ။

ဒေါက်တာယဉ်ယဉ်
မြန်မာလူမျိုးအများစုမှာ အသားအရောင်နဲ့ပတ်သက်ပြီး allergy ရောဂါရှိကြပါတယ်။ ကျမတို့လူသေ (သို့) လူနာတွေကိုခွဲစိတ်ရတဲ့အခါ လူရဲ့အခွံနဲ့တူတဲ့အပြင်အသားအရောင်ပေါ်ကစခွဲပြီး တစ်ဖြေးဖြေးအတွင်းအသားထဲထိခွဲရပါတယ်။ အထဲမှာအရေးကြီးတဲ့ လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ အစာအိမ်၊ အရိုး စသည်ဖြင့်တို့ဟာ လူမျိုးတိုင်းမှာအရောင်တူကြပါတယ်။ ဒီနေရာမှာကျမ high light ပေးချင်တာက အပြင်အသားအရောင်ဆိုတာ လူတွေရဲ့အခွံတစ်ခုပါ။ အဓိကအချက်ကတော့ စိတ်နှလုံးပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ ဒါတွေကိုနားလည်နေတဲ့ကျမ မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက်လည်းဖြစ်တယ် South Africa မှာအလုပ်သွားလုပ်နေရင်း African တစ်ယောက်နဲ့အိမ်ထောင်ကျခဲ့ပြီးသ္မီးနှစ်ယောက်ရခဲ့ပါတယ်။ အခုသ္မီးအကြီးက ၈ နှစ်နဲ့ သ္မီးငယ်က ၆ နှစ်ရှိပါပြီ။ ကျမအိမ်ထောင်ကျစက မြန်မာသူငယ်ချင်းတွေက အာဖရိကန်နဲ့ယူလို့ရှုံ့ချကြပါတယ်။ ကျမသ္မီးလေးတွေကလည်းသူတို့အဖေနဲ့ပိုတူကြတယ်။ နှစ်ယောက်စလုံးက ဆံပင်ကျစ်ကျစ်ကောက်ကောက် ညိုမည်းလေးတွေပါ။ မြန်မာသူငယ်ချင်းတွေ အမျိုးတွေမြင်တော့ သူတို့အတွက်အထူးအဆန်းဖြစ်ပြီးကြည့်ကြတယ်။ သူတို့မျက်ဝန်းတွေမှာတော့ မနှစ်သက်တဲ့အကြည့် ကျမကိုနှမြောတဲ့အကြည့်တွေကပိုထင်ရှားနေပါတယ်။ ကျမသ္မီးတွေဘယ်လိုပုံပဲဖြစ်နေပါစေ ကျမဝမ်းနဲ့လွယ်ပြီးမွေးလာရတဲ့အမေတစ်ယောက်အနေနဲ့ သ္မီးတွေဟာကျမအတွက်အလွန်ချစ်စရာကောင်းပါတယ်။ လူမျိုးရေး ဘာသာရေး ကိစ္စတွေမှာအမြင်ကျဉ်းနေသေးတဲ့မြန်မာပြည်ကိုတော့ ကျမသ္မီးတွေကိုခေါ်သွားပြီးပြန်နေဘို့မစဉ်းစားပါဘူး။ ကျမသ္မီးတွေသာမြန်မာပြည်မှာ ကျောင်းနေရမယ် မြန်မာအသိုင်းအဝိုင်းထဲမှာကြီးပြင်းရမယ်ဆိုရင် သူတို့လေးတွေဟာ အနှိမ်ခံရလွန်းလို့ခေါင်းတောင်မော့နိုင်မှာမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ လူ အချင်းချင်းခွဲခြားနေရင်
စည်းလုံးညီညွတ်မှုဆိုတာမဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီကိုလည်း ဘယ်လိုလို့ရနိုင်မှာလဲရှင်။

ကိုဇော်မိုး
ကျွန်တော်တို့ နိုင်ငံခြားထွက်လာပြီးနောက်ပိုင်းမှာ အဲဒီအခေါ်အဝေါ်တွေမရှိသလောက်နည်းသွားတယ်ဗျ။ ဒီမှာမြန်မာတွေအားလုံးဘဝတူတွေကြီးပဲ။ သူများနိုင်ငံမှာ နေရေး ထိုင်ရေး အလုပ် ဗီစာကိစ္စတွေနဲ့မနည်းလုံးပန်းရတယ်။ အိုပြီးနေရင် (overstay) ရဲရှောင်ရတာနဲ့ မြန်မာအချင်းချင်းရန်ဖြစ်လို့ဝင်ရှင်းရတာနဲ့ငွေအလိမ်ခံရတာနဲ့ခေါင်းကိုနောက်နေတာပဲဗျာ။ ကျွန်တော်တို့ကိုယ်တိုင်သူများနိုင်ငံမှာဒုက္ခအမျိုးမျိုးအပူအမျိုးမျိုးနဲ့ ရွှေမြန်မာလေ ရောက်လေရာမှာမျက်နှာငယ်တယ်ဗျ။ ငတ်နေချိန်မှာတော့ သူငယ်ချင်းကောင်းတစ်ကယ်လိုအပ်တယ်။ ကျွန်တော်တို့သူငယ်ချင်းအုပ်စုထဲမှာ ဗုဒ္ဓဘာသာ၊ မူစလင်၊ တရုတ်၊ ချင်း အကုန်ရှိတယ်။ ကျွန်တော်တို့ငတ်နေတုံး မူစလင် သူငယ်ချင်းအိမ်မှာ ပလာတာနဲ့စိတ်သားဟင်းတက်စားကြတယ်။ သူငတ်နေချိန်ကျွန်တော်တို့အိမ်မှာ ငါးဟင်း နဲ့ငပိကျော်တက်စားတာပေါ့ဗျာ။ ဒီလိုအခက်အခဲမျိုးစုံနဲ့တစ်ယောက်ကိုတစ်ယောက်ကူညီလာကြတာ မြန်မာပြည်ရောက်တော့လည်းအချင်းချင်းတွေ့ရင်သူ့နာမည်ပဲခေါ်တယ်။ ကျောင်းတုံးကခေါ်တာမျိုးတွေ အိမ်ကလူကြီးတွေခေါ်တာမျိုးတွေနဲ့ မခေါ်ချင်ပါဘူးဗျာ။ ဘဝတူသူငယ်ချင်း အချင်းချင်းစိတ်ထိအောင်မလုပ်ချင်ဘူး။ ကျွန်တော့အထင်က လူမှာအနီးကပ်နေကြည့်မှစိတ်ရင်းကိုသိရတာဗျ။ ပြီးတော့တစ်ယောက်ကိုတစ်ယောက်မှီကိုအားထားရတယ်။ ကိုယ်ကမှမပြည့်စုံတာ။ နောက်သူများနိုင်ငံမှာတစ်ကျွန်းစံဘို့ပြန်ထွက် တဲ့အခါဒီမျက်နှာတွေပဲပြန်တွေ့ရအုံးမှာ ဒီဘော်ဒါတွေနဲ့ပဲစိတ်ညစ်စရာရှိ ရင်ဖွင့်ရမှာဗျ။ ကျွန်တော်တို့ကသူများနိုင်ငံမှာကျွန်လုပ်ပြီးကိုယ့်နိုင်ငံကိုငွေပို့နေရတာ။ နိုင်ငံထဲမှာလဲ မြန်မာအချင်းချင်း ဘော်ဘော်စိတ်ဓါတ်ထားပြီးအေးချမ်းကြမယ်ဆိုရင် အဲဒိလူမျိုးရေး ဘာသာရေးပြဿနာတွေပပြောက်သွားမှာပါဗျာ။ ကျွန်တော်ကတော့ ဗုဒ္ဓတရားတော်ကမေတ္တာတရားတွေကိုတတ်နိုင်သလောက်ကျင့်သုံးတယ်။

ဒီပို့စ်ကိုဘုန်းလေးပေးပို့သော မေတ္တာတရားနှင့်အဆုံးသပ်လိုက်ပါတယ်။

ဘုန်းလေး
မေတ္တာသည် ရန်ကင်းငြိမ်း၏

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)

1 comment:

  1. မအယ် သိသလောက်တော့ နိုင်ငံတိုင်းလိုလိုမှာ လူမျိုးရေး ခွဲခြားတဲ့စိတ် ရှိကြတယ်။ သူတို့ဒေသခံတွေက တခြားက ကူးပြောင်း နေထိုင်ကြတဲ့သူတွေကို သူတို့နဲ့ လုံးဝ မတူဘူးလို့ မြင်တဲ့အတွက် ခွဲခြားကြတယ်။

    နိုင်ငံခြားမှာတော့ အဲ့လို ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး ဖြစ်နေတဲ့သူတွေက အတန်းပညာ မတတ်တဲ့သူတွေ များတယ်။ စာဖတ်လေ့ မရှိတဲ့သူ၊ သတင်း နားထောင်လေ့ မရှိတဲ့သူ၊ ပြင်ပ ဗဟုသုတ နည်းတဲ့သူ တွေက အမြင်ကျဉ်းကြတယ်ပေါ့။

    ဒါပေမယ့် လူတွေက ဘယ်လို အမြင်ကျဉ်းကျဉ်း ဒီမိုကရေစီ ပညာရေးမှာတော့ ကျောင်းသင်ခန်းစာထဲ မှာ လူအချင်းချင်း မခွဲခြားဖို့ သင်ကြရတယ်။

    တခါ အခြေခံဥပဒေကလည်း နိုင်ငံသားတိုင်း တန်းတူ အခွင့်အရေး ရှိရမယ်လို့ ဆိုထားတော့ ဥပဒေရဲ့ စောင့်ရှောက် ကာကွယ်ပေးတာ ရကြတယ်ပေါ့။

    ဗမာပြည်လိုတော့ တရုတ်လေးမို့ ကုလားလေးမို့ ချင်းလေးမို့ ကရင်လေးမို့ ခွဲခြားဆက်ဆံမခံရဘူး။ ခံရရင်လည်း ဥပဒေ အတိုင်း ပြန် တရားစွဲကြတယ်။

    ဥပမာ ကပ်ပလီဆိုတဲ့ စကား နီးဂရိုးဆိုတဲ့ စကားလုံးတွေက နှိမ်ပြီး ခေါ်တဲ့ စကားမို့ သတင်းစာတွေ ရေဒီယိုတွေ ကျောင်းစာသင်ခန်းတွေမှာ တာဘူးပဲ။
    တယောက်ကို တယောက် အဲ့လို ခေါ်ဝေါ်သုံးနှုန်းတယ်ဆိုတာ ရိုင်းတယ်လို့ သတ်မှတ်တယ်။

    မအယ်လည်း ကြုံဖူးတယ်။ အင်ဂျင်နီယာ အမကြီးက အာဖရီကန်က ကျောင်းသားတွေကို အောက်တန်းကျလို့ မပေါင်းချင်ဘူး ဆိုတယ်။ ပညာတော်သင် အချင်းချင်းတွေပါပဲ။ မည်းမည်းကြီး စုတ်ပဲ့တယ် ဆိုလို့ တော်တော် အာပေါက်အောင် ငြင်းခုံခဲ့ရတယ်။ သူကိုယ်တိုင်လည်း မြန်မာပြည်ပေါက် တရုတ်လူမျိုးပါပဲ။

    ဒါပေမယ့်လည်း တရုတ် ဖြစ်ခြင်းက မြန်မာဖြစ်ခြင်းနဲ့ အခွင့်အရေး မတူလေတော့ သူ့ကိုယ်သူ မြန်မာပဲ ပြောပါတယ်။
    လူမျိုးရေး ခွဲခြားတဲ့ ပြသာနာက တော်တော်ကြီးပါတယ်။ ခံရတဲ့သူတွေလည်း တော်တော် နှစ်မွန်းကြရတယ်။ ဒီလို ခွဲခြားတာ မရှိသင့်ပါဘူး။

    သတင်းတွေ ဖတ်မယ် နားထောင်မယ် စာဖတ်မယ်ဆိုရင်တော့ စဉ်းစားတွေခေါ်တတ်လာပြီး ဒီလို အချင်းချင်း နှိမ်တာတွေ နည်းသွားမယ် ထင်တယ်။

    မအယ်

    ReplyDelete