Sunday, December 5, 2010

ဘုံပျောက်မှာစိုးကြောက်မိရှာ (အပိုင်း ၃)


မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည်
'' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာ စိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၃

ဤသို့ဗုဒ္ဓ၏ သံဃာ့ဂိုဏ်းသည် အတွင်းပြိုကွဲမှုများအထပ်ထပ်ဖြစ်ပေါ်လာခြင်းဖြင့် တဖြည်းဖြည်းအင်အားဆုတ်ယုတ်သွားခဲ့သည်။

(၁) သံဃာဂိုဏ်းအတွင်း ဂိုဏ်းငယ်အသီးသီးခွဲထွက်ခဲ့၍ စည်းလုံးသိပ်သီးမှုပြိုကွဲခဲ့ရသည်။
(၂) ဗုဒ္ဓမတိုင်ခင်က အိန္ဒိယနိုင်ငံတွင် အထင်အရှားရှိနေသော ဟိန္ဒူဝါဒ၊ ဗြဟ္မာဏဝါဒနှင့်ဂျိန်းဝါဒတို့၏ ထိုးနှက်မှုကို အလူးအလှဲခံရခြင်း၊

ဘီစီ ၃ ရာစု အတွင်း မောရိယလက်နက်နိုင်ငံကိုအုပ်ချုပ်ခဲ့သော ဧကရာဇ်ဘုရင်အာသောကမင်းကြီး (ဘီစီ ၂၇၃ - ၂၃၂ ခန့်) သည် ဗုဒ္ဓသာသနာကို အလွန်အကျူးချီးမြှောက်ခဲ့ပြီး၊ မောရိယနိုင်ငံတော်တစ်ဝန်းလုံးဗုဒ္ဓသာသနာနှင့် ဗုဒ္ဓဝါဒပြန့်ပွါးရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ဤခေတ်သည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဗုဒ္ဓသာသနာအထွတ်အထိပ်ကိုရောက်ခဲ့သော ခေတ်ဟုဆိုရပါမည်။ (သို့သော် အာသောကမင်းကြီးကို ဆက်ခံခဲ့သော သူ၏မြေးဖြစ်သောမင်းများသည် ဂျိန်းဝါဒီများဖြစ်ကြ၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ချီးမြှောက်ခြင်းမရှိခဲ့ပါ။ မောရိယမင်းဆက်ပျက်သုဉ်း၍ သုင်္ဂမင်းဆက်ကိုတည်ထောင်ခဲ့သော ပုရှ်မိတြဟိန္ဒူမင်း (ဘီစီ ၁၅၀ - ၁၈၅) သည် ဘီစီ ၂ ရာစု ကုန်လုနီးအတွင်း ဗုဒ္ဓဝါဒီအကြီးအကျယ်နှိပ်ကွပ် ညှဉ်းပမ်းခဲ့သည်။ ရဟန်းကျောင်းများ၊ စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများကိုလည်း မီးတိုက်ဖျက်ဆီးခဲ့သည်။ ဗုဒ္ဓရဟန်းတော်အများအပြားတို့သည် အိန္ဒိယပြည်အလယ်ပိုင်းဒေသမှ ယခုပါကစ္စတန်ရှိရာ ပန်ဂျပ်နယ်မြေကို ပြေးဝင်ခိုလှုံခဲ့ရသည်။

ထို့အပြင် ခရစ်နှစ် ၇ ရာစုတွင်အုပ်စိုခဲ့သော ဂုပ်တာနန်းဆက်မှ သလက်မင်းကလည်း ဟိန္ဒူဝါဒကိုမြှောက်စားလို၍ ဗုဒ္ဓဝါဒီများနှင့် သာသနိက ကဆောက်အအုံများကို ဖျက်ဆီးရုံသာမက မဟာဗောဓိပင်ကိုပါ အမြစ်မှတူးဖြတ်ဖြိုလှဲချခဲ့သည်။ တရုတ်ရဟန်းကြီး ဖာတီယန်အစ်စင်နှင့် ဟိယန်ဆင်တို့၏ မှတ်တမ်းများအရ ဗုဒ္ဓသာသနာသည် ကျယ်ပြန့်ခိုင်မာမှုမရှိတော့ဘဲ၊ အိန္ဒိယအလယ်ပိုင်း၊ အရှေ့ဘက် ဘင်္ဂလားနယ်၊ တောင်ဖက် ဒက်ခန်ကုန်းမြင့်တဝိုက်၌သာ ကြိုကြားကြိုကြားသာကျန်ရှိတော့ကြောင်း ဆိုထားသည်။

(၃) ခရစ်သက္ကရာဇ် ၃ ရာစု အတွင်းက ကသ္မီရနယ်ရှင် ဟန်မင်းဆက်မှ ဟိန္ဒူဘုရင် မဟိရကုလသည် ယနေ့ပါကစ္စတန်နိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသော ဂန္ဓာရတိုင်းကို မွှေနှောက်ချေမှုန်းခဲ့ရာ၌ ဗုဒ္ဓဝါဒီအများအပြားကို သုတ်သင်ခဲ့သည်။ ဤ အချက်များသည် သမိုင်း၏ဖျောက်ဖျက်မရနိုင်သော အမှန်တရားများဖြစ်သည်။ (ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ စာပေစဉ်များတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။)

မူစလင်တမာန်တော် မိုဟာမက်သည် ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာသည် မိုဟာမက် မမွေးခင်ကပင် ပျောက်ပျက်နေပြီးဖြစ်သည်။ မိုဟာမက် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀၀ လောက်တွင် အစ္စလာမ်ဘာသာသည် အိန္ဒိယသို့ ရောက်ရှိခြင်းဖြစ်သည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။


(ရောင်ခြည်ဦး)

No comments:

Post a Comment