Sunday, November 28, 2010

ဘုံပျောက်မှာ စိုးကြောက်မိရှာ ( အပိုင်း ၂ )


မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည်
'' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ''
ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။ သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာ စိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၂

တခါတရံတွင်မူ အိန္ဒိယ၏ရိုးရာဓလေ့များ၊ အနုပညာများကို မူဆလင်တို့က ပိုမိုစွဲမြဲစွာထိန်းသိမ်းထားကြောင်းတွေ့မြင်နိုင်သည်။ အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးအဖွဲ့များသည် (မြန်မာစစ်အစိုးရလို) ဘာသာရေးကို သူတို့အာဏာရရှိရေးအတွက် အသုံးချလေ့ရှိသည်။ အယုဒ္ဓယဗလီကျောင်းမြေနေရာသည် ဟိန္ဒူဘုရားပွင့်ရာ နေရာဖြစ်သည်ဟု အတိုက်အခံတို့က နိုင်ငံရေးအရအသုံးချခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဟိန္ဒူအစွန်းထွက်များက အယုဒ္ဓယဗလီကျောင်းကိုဝင်ရောက်ဖျက်ဆီးသိမ်းပိုက်ခဲ့ရာ ယင်း၏နောက်ဆက်တွဲအဖြစ် ဟိန္ဒူဘုရားကျောင်းမြောက်များစွာ ဖျက်ဆီးခံခဲ့ရသည်။ ယင်းအယုဒ္ဓယဗလီကိစ္စကြောင့်အိန္ဒိယနိုင်ငံသည် ရူပီငွေကုဋေပေါင်း ၄၀၀၀ ကျော်ဆုံးရှုံးပြီး၊ လူပေါင်း တစ်သိန်းနီးပါးသေခဲ့ရသည်။ နိုင်ငံရပ်ခြားရှိ အိန္ဒိယနိုင်ငံ၏ကုန်သွယ်ဖက် မူဆလင်နိုင်ငံများဝယ် ဈေးကွက်လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ယင်းသည် အိန္ဒိယနိုင်ငံ၌သာမဟုတ် ဥရာပတိုက်ရှိ ဗြိတိန်နိုင်ငံအထိဖြစ်ခဲ့ရသည်။ မူဆလင်တို့သည် သူတို့ဘာသာဝင်များကို ကမ္ဘာ၏ဘယ်အရပ်ဒေသတွင်မဆိုထိခဲ့လျှင် သူတို့ဘက်ကတန်ပြန်ကလဲ့စားချေသည့်အလေ့ရှိသည်။

၁၉၈၇ ဝန်းကျင်တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ဗလီဘုရားကျောင်းနှင့် မူဆလင်တို့၏ အိမ်ယာများဖျက်ဆီးခံခဲ့ကြရသည်ကို အကြောင်းပြု၍ အင်ဒိုနီးရှားနိုင်ငံရှိ ဗောရောဗုဒ္ဓောဘုရားကျောင်း၏ အရံစေတီတစ်ဆူကိုဖျက်ခဲ့သည်တို့ကိုမမေ့အပ်ပေ။

၁၉၉၆ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့တွင် ဗလီဘုရားကျောင်းများကို မြန်မာတို့မှဝင်ရောက်ဖျက်ဆီးခဲ့ကြသည့် သတင်းကြောင့် ကမ္ဘာ့မူစလင်တို့ မကျေမနပ်ဖြစ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တို့က သူတို့နိုင်ငံရှိတောင်ကြီးထက်တွင် ထုလုပ်ထားသည့် ရှေးဟောင်းဗုဒ္ဓဘုရားရုပ်ထုကို ဖောက်ခွဲဖြစ်မည်ဟု ခြိမ်းခြောက်သေးသည်။ ဤကိစ္စကို ကုလသမဂ္ဂယူနက်စကိုက မေတ္တာရပ်ခံမှ သူတို့လက်လျော့လိုက်ခြင်းဖြစ်သည်။ ယနေ့ဗုဒ္ဓအထိမ်းအမှတ် အဆောက်အဦးအများအပြားသည် အာဖဂန်နစ္စတန်နှင့် ပါကိစ္စတန်နိုင်ငံတွင် အများအပြားရှိနေသည်။

သူတို့သည် ယင်းအထိမ်းအမှတ်များကို သူတို့၏ရှေ့ဟောင်းအမွေအနှစ်အဖြစ်ဂုဏ်ယူဖောပြလေ့ရှိသည်။ ပါကိစ္စတန်နိုင်ငံသည် တက္ကသီလာအပါအဝင် ယင်းရှေးဟောင်းဂန္ဓာရ ယဉ်ကျေးမှုကိုအကြောင်းပြု၍ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်များထံမှ နိုင်ငံခြားငွေအများအပြား သန်းချီရရှိနေသည်။

ကျွန်တော်မူစလင်နိုင်ငံတွင် မူစလင်တို့စပ်ကြားတွင်နေထိုင်ခဲ့စဉ်က ဘာသာရေးဆိုင်ရာကျွမ်းကျင်သော ပါရဂူများနှင့် ဆွေးနွေးခဲ့ဘူးပါသည်။ သူတို့အဆိုအရ မူစလင်တဦးသည် အခြားဘာသာဝင်တဦးကို တနည်းနည်းဖြင့်ဒုက္ခပေးခဲ့လျှင်လည်းကောင်း၊ အခြားဘာသာတို့၏ဘုရားကျောင်းများကိုဖျက်ဆီးခဲ့လျှင်လည်းကောင်း၊ သူတို့၏အလ္လာဟ်ဘုရားက အပြစ်ပေးမည်ဖြစ်ကြောင်း၊ ယင်းသူသည် ငရဲကျမည့်အကြောင်း သူတို့ဘုရားစာကိုရမ်ကျမ်းတွင် ပညတ်ထားကြောင်းပြောပြကြသည်။ ကျွန်တော်ကလည်းအတိတ်ကာလက မူဆလင်တို့မှာ ဗုဒ္ဓဘုရားကျောင်းများကို ဖျက်ဆီးခဲ့ကြောင်းပြောပြရာ ထိုပါရဂူပညာရှင်တို့က အကိုးအကားဖြင့် အောက်ပါအတိုင်း ယင်းစွပ်စွဲချက်များကိုရှင်းပြခဲ့သည်။

BC 6 ရာစုခေတ်မှစ၍ အိန္ဒိယနိုင်ငံ ဘာသာကိုးကွယ်မှုသမိုင်းတွင် ဗုဒ္ဓသာသနာသည် သူ၏ဇာတိမြေတွင် နှစ်ပေါင်း ၁၆၀၀ ခန့်တိတိ တည်တံ့ခဲ့သည်။ ခရစ်သက္ကရာဇ် ၁ မှ ၈ ရာစုနှစ်များတွင် ဗုဒ္ဓသာသနာသည် အိန္ဒိယမြေမှလုံးဝပြောက်ကွယ်ခဲ့ရသည်။ ဤသို့ပျက်သုဉ်းရခြင်း၏ အဓိကအကြောင်းရင်း သုံးခုမှာ -

ရှင်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခဲ့သော ဘီစီ ၅ ရာစု ကုန်လုနီးကာလအတွင်း ရှင်ဗုဒ္ဓထူထောင်ခဲ့သော ဓမ္မဝါဒီတို့အားကောင်းနေသည်ဖြစ်၍ တလုံးတစည်းတည်းဂုဏ်ရောင်ထွန်းပြောင်ခဲ့ရသည်။ သို့သော် ဒုတိယသင်္ဂါယနါတင်ပွဲ (ဘီစီ ၄ ရာစု) နှင့် တတိယ သင်္ဂါယနါတင်ပွဲ (ဘီစီ ၄ ရာစု)တို့ ကျင်းပချိန်တွင်ဗုဒ္ဓသံဃအဖွဲ့သည် ဂိုဏ်းကွဲ (၁၈) ခုအထိကွဲခဲ့ရသည်။ မူလပင်မအုပ်စုကြီးအသွင်မှ ထေရဝါဒဂိုဏ်း၊ သဗ္ပတ္တိဝါဒဂိုဏ်း၊ မဟာသံယိတဂိုဏ်းကြီးများအဖြစ် အပြိုင်အဆိုင်နယ်ဖြန့်၍ သာသနာပြုခဲ့သည်။ ဤခေတ်တွင် သဗ္ပတ္တိဝါဒဂိုဏ်း နှင့် သံယိတဂိုဏ်းတို့၏အယူဝါဒသည် မူလထေရဝါဒဂိုဏ်းနှင့် သိသိသာသာကွဲပြားသွား၍ အများကြိုက်ဘာသာရေးအသွင် ကူးပြောင်းပုံပျက်သွားကာ မဟာယာနဗုဒ္ဓဘာသာဟူ၍ တသီးတခြားထွက်ပေါ်လာခဲ့သည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။


(ရောင်ခြည်ဦး)

No comments:

Post a Comment