Monday, November 8, 2010

မသမာမှုများ မရှင်းပေးလျှင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု

ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က ရှင်းလင်း ပေးခြင်းမရှိလျှင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် တခြား ဒီမိုကရေစီ ပါတီများနှင့် ပြောဆိုထားသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဦးခင်မောင်ဆွေက ပြောသည်။

ရန်ကုန်မြို့ရှိ မဲရုံတခုတွင် ပြည်တွင်း ပြည်ပ စာနယ်ဇင်းသမားများနှင့် သံတမန်တချို့ရှေ့၌ မဲရေတွက်ပြနေသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ။ ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲများဖြင့် အသာစီးရအောင် ပြုလုပ်ထားသည်ဟု ဝေဖန်ခံနေရသည်။ (ဓာတ်ပုံ - AP)
“မဲရေတွက်ချိန်မှာ မသမာမှုလုပ်တာတွေ၊ မတရား ကြိုတင်မဲ ကောက်ယူထားတဲ့ ကိစ္စတွေနဲ့ မသမာတဲ့ ကြိုတင်မဲကိစ္စတွေ၊ မဲရေတွက်တာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမပေးရင် ဒီရွေးကောက်ပွဲကို အသိအမှတ်ပြု လက်မှတ်မထိုးပေးဖို့ တခြားပါတီတွေနဲ့ ပြောထားတယ် ” ဟု ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၆၄ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကဆိုသည်။

ရန်ကုန်တိုင်း ကျောက်တန်း မြို့နယ်တွင် ယမန့်နေ့ညက မဲရေတွက်ရာ NDF ပါတီကို ထောက်ခံသည့် မဲရရှိမှု များလာသည်ကို တွေ့ရချိန်တွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ မဲရေတွက်မှုကို ရပ်ပစ်လိုက်သည်ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

“ဗဟို ကော်မရှင်ကပဲ ရလဒ်ကို ဆုံးဖြတ်ပေးမယ်ဆိုပြီး မဲရေတွက်တာကို ရပ်ပစ်လိုက်တယ်” ဟု ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

သန်လျင်မြို့နယ်တွင် NDF ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် အဓိက ယှဉ်ပြိုင်ခဲ့ပြီး မဲရေတွက်မှုအရ ကြံ့ဖွံ့ပါတီက ၉၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။

NDF သည် ယခုနောက်ဆုံးသိရှိရသည့် ရလဒ်များအရ အမျိုးသားလွှတ်တော်တွင် ၃ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၈ နေရာနှင့် တိုင်းဒေကြီးလွှတ်တော်တွင် ၄ နေရာ ရရှိနေပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ ကောက်ယူထားသည့် နည်းလမ်းကို အသုံးပြု၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများကို အနိုင်ရရှိရန် ပြုလုပ်နေသည်ဟု နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။

တောင်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်သော တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောနိုင်သည် ရပ်ကွက်အသီးသီးရှိ မဲဆန္ဒနယ် ၁၀၀ ကျော်တွင် မဲရေတွက်မှုအရ အသာရရှိနေသော်လည်း မြို့နယ်အရောက် မဲစာရင်း ထုတ်ပြန်အပြီးတွင်မူ ရှုံးသွားကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောပြသည်။

“မြို့နယ်အောက်မှာရှိတဲ့ မဲဆန္ဒနယ် အသေးလေးတွေ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ ရေတွက်တာ အခြေအနေကောင်းတယ်။ ရလဒ်က မကြေညာပေးတော့ မသိရဘူး။ ဒါနဲ့ မြို့နယ်ကို ပို့လိုက်ပြီး ရလဒ်လည်း ကြေညာရော ရှုံးသွားတယ်။ ကြံ့ဖွံ့ပါတီက ကောက်ယူထားတဲ့ ကြိုတင်မဲတွေ ထပ်ပေါင်းလို့ သူတို့ နိုင်တာ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ပဲခူးတိုင်းတွင်လည်း တရားမျှတမှု မရှိသည့် ကြိုတင်မဲ ကောက်ယူခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီ မဲရုံစောင့် ကိုယ်စားလှယ်များကို ကြောက်ရွံ့နေရခြင်း၊ တခါးပိတ် မဲရေတွက်မှုများနှင့် ပတ်သက်၍ ပဲခူးတိုင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးသိန်းဌေးအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့သွားမည်ဟု သိရသည်။

ထို့အပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ရပ်ကွက်တချို့တွင်လည်း ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ ကောက်ခံမှုနှင့် အတင်းအကျပ် မဲထည့်ခိုင်းမှုကြောင့် အသာစီးဖြင့် အနိုင်ရရှိနေသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဒေသခံတဦးက ပြောသည်။

“မင်းတပ် တမြို့နယ်လုံးမှာ ပြည်သူ့ဆန္ဒအတိုင်း မဲပေးကြတာကို ကြည့်ရင် ချင်းပါတီတွေနဲ့ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကို များတယ်။ ဒါပေမယ့် ကြိုတင်မဲ အကုန်လုံးကလည်း ကြံ့ဖွံ့ပါတီကို ထောက်ခံတာတွေပဲ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြစ်ကြီးနားမြို့နယ် စီတာပူ ရပ်ကွက် ၊ ဒူကတောင့် ရပ်ကွက်များတွင်လည်း ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲဖြင့် အနိုင်ရရှိသွားသည်ဟု တစည ပါတီမှ ဦးလနန်ဘောက်က ပြောသည်။

အစိုးရ ဝန်ထမ်းများကို ကြိုတင်မဲထည့်ခိုင်းခဲ့ပြီး မဲစာအိတ်များ သယ်ဆောင်ရာတွင် အိတ်ပိတ်ခြင်းမရှိကြောင်း၊ စီတာပူ ရပ်ကွက်တွင် ကြိုတင်မဲ ၆၀၀၊ ဒူကထောင့် ရပ်ကွက်တွင် ကြိုတင်မဲ ၄၀၀ ခန့် ရယူထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

နရီလင်းလက် Monday, 08 November 2010 15:22
http://www.irrawaddy.org/bur/index.php/news/1-news/4735-2010-11-08-08-25-55

No comments:

Post a Comment