Saturday, March 20, 2010

ပြည်သူ့အသံ အပိုင်း (၁)

မြန်မာပြည်သူများနှင့်တွေ့ဆုံအင်တာဗျူးလုပ်ခဲ့သည်များကို စာဖတ်သူများအားဝေမျှလိုက်ပါတယ်။

အင်တာဗျူးဖြစ်မြောက်အောင် ကူညီပေးခဲ့ကြတဲ့ဘလော့ဂါသူငယ်ချင်းများနှင့်အတူ အင်တာဗျူးဖြေပေးတဲ့မြန်မာပြည်သူများကို ဒီကနေအထူးကျေးဇူးတင်ရှိပါကြောင်းပြောလိုက်ပါတယ်။

အင်တာဗျူးမေးခွန်းများ
1. မြန်မာပြည်ဖွားတွေအတွက် ကိုယ့်နိုင်ငံသားအချင်းချင်း လူမျိုးရေး၊ ဘာသာရေး အနှိမ်ခံရတာကို ဘယ်လိုခံစားရပါသလဲ ခံစားချက်လေးတွေပြောပြစေချင်ပါတယ်။

2. ဒီအတွက် မြန်မာပြည်ဖွားတွေ ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို့ထင်ပါသလဲ။

3. အရိုးစွဲ နုတ်ကျိုးနေတဲ့ အခေါ်အဝေါ်တွေ ဖြစ်တဲ့ ကုလား ကုလားခေါ်တာ၊ တရုတ် ၊ တိုင်းရင်းသားတွေကို အားမနာပ xxxx ခေါ်တာတွေပပြောက်သွားမယ်လို့ထင်ပါသလား။


ကိုအောင်မျိုး
1. ခံစားချက်တွေကများ လို့ လိုရင်း တိုရှင်းဖြေရန်မလွယ်ပါ ... တက်နိုင်သလောက်တော့ ဖြေကြည့်မယ်
တနိုင်ငံလုံး နာဇီ ကွန်မြူနစ် ထောင်ထဲ ရောက်နေတယ်လို့ ခံစားရတယ်...

2. နိုင်ငံမှာ လူ့အခွင့်အရေးရှိလာ အောင်ပြုပြင်ပြောင်းလဲ သင့်တယ်လို့ ထင်ပါတယ်....ဘယ်လို ပြောင်းရမည်းဆိုတော့ တချို့ အလုပ်တွေကို ပြောရမှာဖြစ်ပြီး တချို့ အလုပ်တွေက ပြောဆိုနေရမည့် အလုပ်မဟုတ်တော့ မပြောဘဲ လုပ်ရမှာဖြစ်ပါတယ်...

3. လူတိုင်းမှာ ကိုယ်ပိုင်စိတ်ဝင် စားစရာတွေ ရှိရင် သူများကို စိတ်မ၀င်စားတော့ပါဘူး.. အဲ့ဒီလို စိတ်မ၀င်စားရင် နှိမ်ဘို့လည်းစိတ်မ
ဝင်စားတော့ပါဘူး... ဒီအပြင် လူတွေဟာ ကိုယ့်ကိုယ် ကို တန်ဖိုးထားလာတက်ဖို့ လိုပါတယ် ကိုယ့်ကို ကိုယ်တန်ဖိုးထားလာရင် နေရင်းထိုင်ရင် သူများကိုပါ တန်ဖိုးထားလာတက်ပါတယ်... ဒါတွေကိုခြုံကြည့်လိုက်ရင် မြန်မာပြည်သားများ အနာဂတ်လှလှ ပိုင်ဆိုင်နိုင်ခွင့် ရှိလာရင် ပပြောက်သွားမှာပါ....

နိုင်ငံရေးသမားတစ်ယောက်
နိုင်ငံခေါင်းဆောင်တွေက ပညာမတတ်ဘူး။ သူတို့ဟာ တောထဲမှာ ကိုယ့်တိုင်းရင်းသားနဲ့ပတ်ပြီးစစ်ပဲတိုက်နေခဲ့တယ်။ ရာထူးရာခံတိုးလို့မြို့တက်လာတော့ တွေ့သမျှပြည်သူကိုလည်း စစ်ကွင်းထဲကရန်သူလို့ပဲမြင်ကြတယ်။ သေးသိမ်တဲ့စိတ်တွေနဲ့ သူတို့အသိုင်းအဝိုင်းကောင်းစားဘို့ပဲအဓိကထားကြတာပြည်သူတွေအမြင်ပါ။ သူတို့အာဏာမြဲအောင်၊ ပြည်သူလူထုကို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေနဲ့သွေးထိုး ဖြားယောင်းပြီး အာရုံပြောင်းပေးထားကြတယ်။
ဒါကိုအသိအလိမ္မာပညာရှိတဲ့မြန်မာလူမျိုးတိုင်းသိကြပါတယ်။ တိုင်းပြည်ခေါင်းဆောင်က ပညာမတတ်လုပ်ချင်ရာစွတ်လုပ်နေတော့ ပညာတတ်တွေ နိုင်ငံခြားထွက်ပေးရတာပေါ့။ မြန်မာတိုင်း လူ့အခွင့်အရေးရရှိဘို့အတွက် လက်မလျှော့တန်းဆက်တိုက်ရမယ်။

ဒေါက်တာစန်းယု
မြန်မာနိုင်ငံမှာမွေးတဲ့ ကျွန်တော်တို့တွေဟာ လူမျိုးရေးအရအနှိမ်ခံရတာကြောင့် ပညာရေး၊ စီးပွါးရေးမှာ သူများထက်ပိုကြိုးစားရပါတယ်။ ကြိုးစားပေမဲ့လည်း တရုတ်လူမျိုးကိုအထက်ထိတက်ခွင့်မပေးပါဘူး။ တစ်ခါတစ်လေအိမ်တိုင်ရာရောက် သန်းခေါင်စာရင်းစစ်၊ ဟိုစစ် ဒီစစ်တွေလာလုပ်ကြပါတယ်။ အိမ်ရှေ့ဘုရားစင်ပေါ်မှာ ကိုအင်မယ်တော်ပုံတင်ထားမိရင်တော့အစစ်ဆေးအမေးအမြန်းကထူပါတယ်။
အဲ ဗုဒ္ဓဆင်းတုတော်ကိုဘုရားစင်အလယ်မှာတင်ထားရင်တော့ အဲဒီနေ့အစဉ်ပြေသွားပြီ။ လူမျိုးရေးအရနှိမ်ပြီး ဘဝတက်လမ်းကိုပါလိုက်ဒုက္ခပေးနေတာဟာ ရှင်းရှင်းပြောရရင်လူ့အခွင့်အရေးကိုလိုက်ပိတ်ပင်တာပေါ့ဗျာ။ အဲတော့ဆရာဝန်တွေဆို အမေရိက ကိုထွက်သွားကြတာများတယ်။ အဲဒီကတစ်ဆင့် မြန်မာပြည်မှာအနှိမ်ခံနေရသေးတဲ့ ညီအစ်ကို မောင်နှမတွေကို ခေါ်ထုတ်ရတယ်။ အချို့ကလည်း တိုင်ဝမ်ကအမျိုးတွေနဲ့ပြန်ဆက်သွယ်ပြီး တိုင်ဝမ်ကိုထွက်ကြတယ်။ အချို့ကတော့ ဟောင်ကောင်နဲ့ စင်ကာပူ စတဲ့နိုင်ငံတွေကို အသီးသီးထွက်လာကြပါတယ်။ မြန်မာနိုင်ငံဟာဆင်းရဲသထက်ဆင်းရဲနေပေမဲ့လည်း လူမျိုးရေးအရနှိမ်တာရော့မသွားတဲ့အပြင် ပိုပြီးများလာပါတယ်။ အစိုးရအနေနဲ့ပြည်သူတွေကို ကိုယ့်နိုင်ငံမှာပညာသင်ပြီး ကိုယ့်နိုင်ငံကိုပြန်လုပ်ကျွေးစေချင်ရင် ဒီလူမျိုးရေးအရနှိမ်တာကိုအရင်ပပြောက်အောင်လုပ်ရမယ်။ ပြည်သူကိုဆက်ပြီးနှိတ်ကွတ်နေရင်တော့ လူ့အခွင့်အရေးရှိတဲ့နေရာကိုပြောင်းရွှေ့နေရမှာပါ။ ကျွန်တော့အမြင်အရပြောရရင် လူ့တန်ဖိုးမသိသမျှကာလပတ်လုံး အရိုးစွဲ နုတ်ကျိုးနေတဲ့ အခေါ်အဝေါ်တွေပျောက်သွားဘို့ဆိုတာမဖြစ်နိုင်ပါဘူး။

ကိုနိုင်
မြန်မာပြည်သား အချင်းချင်းကိုယ့်နိုင်ငံသားအချင်းချင်း လူမျိုးေ၇း။ ဘာသာရေး အနိမ်ခံရတာ ကိုဘယ်လိုပြောရမှန်းကိုမသိပါဘူးဗျာ ။ ရင်ထဲမှာတော်တော်လေးကိုနာကျင်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာမွေးတာပါ ။ အဖေ အမေ အဖိုးအဖွားတွေလဲ မြန်မာပြည်ပေါက်ပါ ။ ဒါပေမယ့်ကျွန်တော်တို့က အစ္စလာမ်ဘာသာကိုခံယူထားတော့ ကျွန်တော်တို့ကို ကုလား ကုလား လို့ခေါကြတယ် ။ ဒါပေမယ့်ကျွန်တော်တို့ဟာ မြန်မာနိင်ငံသားပါ။ ဘယ်တိုင်းပြည်နဲ့မဆို စစ်တိုက်ရင်တောင် မြန်မာဘက်ကတိုက်ရမှာပါ။
နိုင်ငံသားလက်မှတ်( မှတ်ပုံတင်) ပြုလုပ်ရာမှာလဲ အရမ်းခက်ခဲပါတယ်။ အဖေအမေ မှာ မှတ်ပုံတင်ရှိရဲ့သားနှင့် အဖိုး အဖွားမှာ နိုင်ငံသားခံယူထားတဲ့ကတ်တွေ၇ှိရဲ့သားနှင့် ကျွန်တော်တို့ကို နိုင်ငံသားကတ်ထူတ်ပေးဖို့ တအားရစ်ပါတယ်။ တရုတ်လူမျိုးဆိုရင်လဲ ထိုနည်းအတိုင်းပါပဲ ။သူတို့ဆို၇င် ဘာသာက ဗုဒ္ဒဘာသာပါပဲ။ ဒါပေမယ့်ဗျာ တရုတ်ဆိုရင်လည်းထိုနည်းအတိုင်းပါပဲ ။ ယခုလို ကုလား ကုလား ။ တရုတ်တရုတ် လို့ခေါ်ဝေါ်
နေတဲ့ အခေါ်အဝေါ် ဟာလည်းပြောင်းလဲ သွားမယ် မထင်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်မှာ တရုတ်လူမျိုး ကုလားလူမျိုးဆိုရင် ရာထူးမတက်ပါဘူး အနိမ်ခံဘ၀ပါ။ စစ်တပ်မှ မဟုတ်ပါဘူး အစိုးရ ဋ္ဌာန တိုင်းမှာကို အဲလိုပါပဲ။

ကျောင်းမှာဆို၇င်လည်း ကုလားကလေးတွေကို ဆရာမတွေက နိမ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အဲလိုအနိမ်ခံပြိးကျောင်းတက်ခဲ့ရပါတယ်။ ပြိးတော့ကျွန်တော်ထင်တာက မြန်မာလူမျိုးတွေက ကလားလူမျိုးတစ်ယောက်ကို ကုလားလို့ခေါ်တာဟာ ဗမာလူမျိုးတွေကြားထဲမှာ ကုလားတစ်ယောက်ကိုနိမ်ချလိုက်တယ်လို့ စိတ်ထဲမှာထင်ပုံရပါတယ်။ အဲသလိုပဲ တရုတ်တစ်ယောက်ကိုလဲ တရုတ်လို့ခေါ်ခြင်းဟာ နိမ့်ချပြိးခေါ်တယ်လို့ယူစပုံ၇ပါတယ်။ အမှန်က ကိုယ်နိုင်ငံသားအချင်းချင်းပဲ နာမည်မသိရင်တောင် ကိုဘယ်သူ ။ အကို ။ အမ စသည်ဖြင့်ခေါ်လို့ရပါတယ်။
ဒါတောင်မှ သူတို့တွေဟာ ဟိုကုလား ကလေ ဟိုကုလားမ ကလေ ဟိုတရုတ်ကလေ ဟိုတ၇ုတ်မကလေစသည်ဖြင့်ခေါ်လေ့၇ှိတယ် ။

ဘာဖြစ်လို့လဲဆိုတော့လက်၇ှိတိုင်းပြည်အုပ်ချုပ်နေတဲ့ လူကြိးတွေကိုက ။ ကုလားလူမျိုး ဖြစ်စေ တရုတ်လူမျိုးဖြစ်စေ နှိမ်ထားရမည်လို့ အောက်လက်ငယ်သားတွေကိုသွန်သင်ထားလို့ပါ။ ကျွန်တော်တို့အဲသလိုခေါ်ခံရလို ရင်နာပေမယ့်ဘာမှမတက်နိုင်ဘူးလေ --ဟုတ်တယ်မလား ။ကျွန်တော်တို့ကမွေးဖွားလာတာကိုက မြန်မာပြည်မှာမွေးလာတာကို --------ဘယ်အရာကိုအပြစ်တင်ရမလဲ --------ကံတရားကိုလားးးးးးးးးးးး ဘုရားသခင်ကိုပဲလားးးးးးးးးးးး
မပြောတက်တော့ပါဘူးဗျာ။
တော်ပါပြီဗျာ ဆက်မပြောတော့ပါဘူး
၇င်နာလို့ပါ။

ဒေါက်တာယဉ်ယဉ်
မြန်မာလူမျိုးအများစုမှာ အသားအရောင်နဲ့ပတ်သက်ပြီး allergy ရောဂါရှိကြပါတယ်။ ကျမတို့လူသေ (သို့) လူနာတွေကိုခွဲစိတ်ရတဲ့အခါ လူရဲ့အခွံနဲ့တူတဲ့အပြင်အသားအရောင်ပေါ်ကစခွဲပြီး တစ်ဖြေးဖြေးအတွင်းအသားထဲထိခွဲရပါတယ်။ အထဲမှာအရေးကြီးတဲ့ လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ အစာအိမ်၊ အရိုး စသည်ဖြင့်တို့ဟာ လူမျိုးတိုင်းမှာအရောင်တူကြပါတယ်။ ဒီနေရာမှာကျမ high light ပေးချင်တာက အပြင်အသားအရောင်ဆိုတာ လူတွေရဲ့အခွံတစ်ခုပါ။ အဓိကအချက်ကတော့ စိတ်နှလုံးပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ ဒါတွေကိုနားလည်နေတဲ့ကျမ မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက်လည်းဖြစ်တယ် South Africa မှာအလုပ်သွားလုပ်နေရင်း African တစ်ယောက်နဲ့အိမ်ထောင်ကျခဲ့ပြီးသ္မီးနှစ်ယောက်ရခဲ့ပါတယ်။ အခုသ္မီးအကြီးက ၈ နှစ်နဲ့ သ္မီးငယ်က ၆ နှစ်ရှိပါပြီ။ ကျမအိမ်ထောင်ကျစက မြန်မာသူငယ်ချင်းတွေက အာဖရိကန်နဲ့ယူလို့ရှုံ့ချကြပါတယ်။ ကျမသ္မီးလေးတွေကလည်းသူတို့အဖေနဲ့ပိုတူကြတယ်။ နှစ်ယောက်စလုံးက ဆံပင်ကျစ်ကျစ်ကောက်ကောက် ညိုမည်းလေးတွေပါ။ မြန်မာသူငယ်ချင်းတွေ အမျိုးတွေမြင်တော့ သူတို့အတွက်အထူးအဆန်းဖြစ်ပြီးကြည့်ကြတယ်။ သူတို့မျက်ဝန်းတွေမှာတော့ မနှစ်သက်တဲ့အကြည့် ကျမကိုနှမြောတဲ့အကြည့်တွေကပိုထင်ရှားနေပါတယ်။ ကျမသ္မီးတွေဘယ်လိုပုံပဲဖြစ်နေပါစေ ကျမဝမ်းနဲ့လွယ်ပြီးမွေးလာရတဲ့အမေတစ်ယောက်အနေနဲ့ သ္မီးတွေဟာကျမအတွက်အလွန်ချစ်စရာကောင်းပါတယ်။ လူမျိုးရေး ဘာသာရေး ကိစ္စတွေမှာအမြင်ကျဉ်းနေသေးတဲ့မြန်မာပြည်ကိုတော့ ကျမသ္မီးတွေကိုခေါ်သွားပြီးပြန်နေဘို့မစဉ်းစားပါဘူး။ ကျမသ္မီးတွေသာမြန်မာပြည်မှာ ကျောင်းနေရမယ် မြန်မာအသိုင်းအဝိုင်းထဲမှာကြီးပြင်းရမယ်ဆိုရင် သူတို့လေးတွေဟာ အနှိမ်ခံရလွန်းလို့ခေါင်းတောင်မော့နိုင်မှာမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ လူ အချင်းချင်းခွဲခြားနေရင်
စည်းလုံးညီညွတ်မှုဆိုတာမဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီကိုလည်း ဘယ်လိုလို့ရနိုင်မှာလဲရှင်။

ကိုဇော်မိုး
ကျွန်တော်တို့ နိုင်ငံခြားထွက်လာပြီးနောက်ပိုင်းမှာ အဲဒီအခေါ်အဝေါ်တွေမရှိသလောက်နည်းသွားတယ်ဗျ။ ဒီမှာမြန်မာတွေအားလုံးဘဝတူတွေကြီးပဲ။ သူများနိုင်ငံမှာ နေရေး ထိုင်ရေး အလုပ် ဗီစာကိစ္စတွေနဲ့မနည်းလုံးပန်းရတယ်။ အိုပြီးနေရင် (overstay) ရဲရှောင်ရတာနဲ့ မြန်မာအချင်းချင်းရန်ဖြစ်လို့ဝင်ရှင်းရတာနဲ့ငွေအလိမ်ခံရတာနဲ့ခေါင်းကိုနောက်နေတာပဲဗျာ။ ကျွန်တော်တို့ကိုယ်တိုင်သူများနိုင်ငံမှာဒုက္ခအမျိုးမျိုးအပူအမျိုးမျိုးနဲ့ ရွှေမြန်မာလေ ရောက်လေရာမှာမျက်နှာငယ်တယ်ဗျ။ ငတ်နေချိန်မှာတော့ သူငယ်ချင်းကောင်းတစ်ကယ်လိုအပ်တယ်။ ကျွန်တော်တို့သူငယ်ချင်းအုပ်စုထဲမှာ ဗုဒ္ဓဘာသာ၊ မူစလင်၊ တရုတ်၊ ချင်း အကုန်ရှိတယ်။ ကျွန်တော်တို့ငတ်နေတုံး မူစလင် သူငယ်ချင်းအိမ်မှာ ပလာတာနဲ့စိတ်သားဟင်းတက်စားကြတယ်။ သူငတ်နေချိန်ကျွန်တော်တို့အိမ်မှာ ငါးဟင်း နဲ့ငပိကျော်တက်စားတာပေါ့ဗျာ။ ဒီလိုအခက်အခဲမျိုးစုံနဲ့တစ်ယောက်ကိုတစ်ယောက်ကူညီလာကြတာ မြန်မာပြည်ရောက်တော့လည်းအချင်းချင်းတွေ့ရင်သူ့နာမည်ပဲခေါ်တယ်။ ကျောင်းတုံးကခေါ်တာမျိုးတွေ အိမ်ကလူကြီးတွေခေါ်တာမျိုးတွေနဲ့ မခေါ်ချင်ပါဘူးဗျာ။ ဘဝတူသူငယ်ချင်း အချင်းချင်းစိတ်ထိအောင်မလုပ်ချင်ဘူး။ ကျွန်တော့အထင်က လူမှာအနီးကပ်နေကြည့်မှစိတ်ရင်းကိုသိရတာဗျ။ ပြီးတော့တစ်ယောက်ကိုတစ်ယောက်မှီကိုအားထားရတယ်။ ကိုယ်ကမှမပြည့်စုံတာ။ နောက်သူများနိုင်ငံမှာတစ်ကျွန်းစံဘို့ပြန်ထွက် တဲ့အခါဒီမျက်နှာတွေပဲပြန်တွေ့ရအုံးမှာ ဒီဘော်ဒါတွေနဲ့ပဲစိတ်ညစ်စရာရှိ ရင်ဖွင့်ရမှာဗျ။ ကျွန်တော်တို့ကသူများနိုင်ငံမှာကျွန်လုပ်ပြီးကိုယ့်နိုင်ငံကိုငွေပို့နေရတာ။ နိုင်ငံထဲမှာလဲ မြန်မာအချင်းချင်း ဘော်ဘော်စိတ်ဓါတ်ထားပြီးအေးချမ်းကြမယ်ဆိုရင် အဲဒိလူမျိုးရေး ဘာသာရေးပြဿနာတွေပပြောက်သွားမှာပါဗျာ။ ကျွန်တော်ကတော့ ဗုဒ္ဓတရားတော်ကမေတ္တာတရားတွေကိုတတ်နိုင်သလောက်ကျင့်သုံးတယ်။

ဒီပို့စ်ကိုဘုန်းလေးပေးပို့သော မေတ္တာတရားနှင့်အဆုံးသပ်လိုက်ပါတယ်။

ဘုန်းလေး
မေတ္တာသည် ရန်ကင်းငြိမ်း၏

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)

Saturday, March 13, 2010

ချစ်ကြည်ရေးတံတားမှ လွတ်လပ်တဲ့နိုင်ငံဆီသို့

မြန်မာပြည်ဖွားတွေဟာ တစ်နည်း (သို့) တစ်နည်းနဲ့အမျိုးတော်စပ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုမြန်မာအစစ်ရယ်လို့ အာမခံလို့မရပါဘူး။ နှစ် ၅၀၀ အထက်ကစလို့ လွန်လေပြီးသောကိုယ့်မျိုးရိုးစဉ်ဆက်ရဲ့ ရာဇဝင်ကိုလေ့လာကြည့်ရင် မိမိသည် တိုင်းတစ်ပါးသားရဲ့သွေး၊ တိုင်းရင်းသားရဲ့သွေး၊ ဘာသာခြားရဲ့သွေးတွေကတစ်ဆင့် ဆင်းသက်လာတဲ့ လူတစ်ယောက်ဖြစ်မှာမလွဲမရှောင်သာတွေ့ရပေလိမ့်မည်။

ဥပမာ သမိုင်းသုသေသီများ၏သက်သေမှာ တရုတ်လူမျိုးရဲ့အစဟာ အာဖရိက ကဖြစ်ပါတယ်။ အာဖရိကတိုက်မှ ကမ္ဘာဦးလူတွေဟာ နယ်မြေအသစ်ရှာဖွေရင်း လက်ရှိတရုတ်နိုင်ငံမှာအခြေချနေထိုင်ကြပါတယ်။ ရာသီဥတုအရ ၎င်းတို့ရဲ့အသွေး အသားအရောင်တွေဟာပြောင်းလဲခဲ့ပါတယ်။ သမိုင်းအစစ်ကိုမသိ မလေ့လာပဲ လူ လူ အချင်းချင်းအပေါ် Discrimination လုပ်တတ်တယ်လူ၊ Racism စိတ်ဓါတ်ရှိတဲ့လူတွေမှာတော့ အာဖရိကန်လူမျိုးကိုမြင်ရင် ကပ္ပလီကြီး၊ ငချိတ်ကြီး စသဖြင့်ခေါ်တတ်ကြမှာဖြစ်ပါတယ်။ တကယ်လို့ တရုတ်လူမျိုးတွေဟာ အဲဒီလိုခေါ်ပြီးလှောင်ပြောင်နေမယ်ဆိုရင် ကိုယ့်မျိုးရိုးစဉ်ဆက်ကိုစော်ကားရာကျနေပါတယ်။ မြန်မာလူမျိုးများအနေနဲ့ စူးစမ်းလေ့လာပြီး အသိနဲ့သတိရှိရန်လိုအပ်ပါတယ်။

လူမှာ ကိုယ့်ဇစ်မြစ်ကိုသိရန် လွန်စွာအရေးကြီးပါတယ်။ ထို့နောက်ဘဝမမေ့ရန်လည်းလိုအပ်ပါတယ်။ ဘဝမေ့တဲ့သူဟာ လောဘ၊ မောဟ၊ အတ္တ၊ နဲ့
'' ငါ '' ဆိုတဲ့ မာန်မာနတို့ဖုံးလွှမ်းကာ မိမိအဆင့်အတန်းကိုနှိမ့်ချရုံတင်မက တိုင်းပြည်၊ သာသနာနဲ့မိဘဆရာများရဲ့ သိက္ခါကိုပါစော်ကားရာရောက်ပါတယ်။ '' ငါ '' တည်းဟူသော မာန်မာနဟာ အမှန်တရားကိုဖုံးကွယ်လို့ ဒါငါ့ပြည်၊ ဒါငါ့မြေ၊ ဒါငါ့အမွေ ဟူ၍တစ်ကိုယ်ကောင်းစိတ်ကိုမွေးထုတ်စေပြီး ငါ မှ တစ်ပါးအခြားလူအား စာနာထောက်ထားရမှန်းမသိ တစ်နေ့ထက်တစ်နေ့ ငါ ကောင်းစားရေးအတွက်သာ အမြဲကြံစည်နေတတ်ပြီး နိုင်ထက်စီးနင်း-အပြတ်ရှင်း ဝါဒလက်စွဲနည်းကိုသုံးကာ အားနည်းသူတို့ကို ဆဲရေးတိုင်းထွာ၊ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ ဘာသာတရားတွေမထွန်းကားမှီနတ်အမျိုးမျိုးကိုးကွယ်မှုတွေရှိခဲ့ပါတယ်။ တိုင်းတစ်ပါးသားတို့သာသနာပြုခဲ့ရာမှ ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင်ထွန်းကားပြီး နောက် တစ်ဖန် တိုင်းတစ်ပါးသားတို့မှတစ်ဆင့် မူစလင်မ်၊ ခရစ်ယာန် နှင့် အခြားသောဘာသာတရားများကို မြန်မာပြည်ဖွားများလွတ်လပ်စွာ ရွေးချယ်ယုံကြည်စွာ ကိုးကွယ်နိုင်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေဟာ ဘာသာတိုင်းလို တိုင်းရင်းသားတိုင်းလိုလို ဘာသာရေး ကိုင်းရှိုင်းခဲ့ကြပါတယ်။ အလှုဒါနမှာ ရက်ရောခဲ့ပါတယ်။ အရင်အတိတ်ခေတ်က မြန်မာလူမျိုးတွေဟာ မိမိယုံကြည်ရာဘာသာတရားကို ချစ်ကြည်မြတ်နိုးကြသလို ဘာသာမတူသူတို့အပေါ်မှာလည်းကောင်းမွန်စွာဆက်ဆံရိုင်းပင်းကူညီခဲ့ကြတာ သမိုင်းသက်သေများစွာတွင်တွေ့ရှိရပါတယ်။

အခုခေတ်လူအချို့(သို့) လူတစ်စုတွေမှာတော့ အပယ်ငရဲကိုစိမ်ခေါ်လို့ ဆဲရဲ ဆိုရဲ၊ သံဃာတွေကို ကိုယ့်ထိလက်ရောက်လုပ်လိုလုပ်၊ ကိုယ့်ဘာသာ - သူတစ်ပါးဘာသာမှ သူတော်စဉ်တွေကိုပုတ်ခတ်စော်ကာ၊း နောက်ဆုံး သူတစ်ပါးဘုရားတွေပါ တက်ဆဲရဲတဲ့ သတ္တိတွေနဲ့ထွက်လာကြတဲ့ မိစ္ဆါကောင်တွေကို အွန်လိုင်းမှာ၊ အပြင်မှာတွေ့နေကြရပါတယ်။ သူတို့ရဲ့အင်မတန်မှ ယုတ်မာရိုင်း စိုင်းပက်စက်မှု တွေဟာ လူပဲဟုတ်ရဲ့လား၊ မကောင်းဆိုးဝါးကောင်တွေများလားလို့ သံသယဖြစ်မိပါတယ်။ အဲဒီလိုလူမဆန်မှုအကျင့်စရိုက်တွေဟာ ကမ်းကုန်အောင်မိုက်ရိုင်းနေပါပြီ။ ဒီလိုမိစ္ဆါကောင်တွေပေါ်ထွက်လာခြင်းအားဖြင့် အင်း ...... ကမ္ဘာမြေကြီးအက်ကွဲခါနီးလေ အမိုက်သားတို့ပေါ်ထွက်လာလေပဲလား ?????? လို့တောင်ထင်မှတ်မိပါတယ်။ သင်္ခါရတရားကိုငြင်းပယ်လို့မရပါဘူး။ အစရှိရင် အဆုံးဆိုတာရှိစမြဲပါပဲ။

လက်ပိုက်ကြည့်နေလို့လည်း ဘာအကျိုးမှမရှိ တစ်နေ့ထက်တစ်နဲ့ ညစ်ပတ်မှုတွေသာတိုးလာတယ်။ အဲတော့ သန့်စင်တဲ့ မြန်မာ့ လူ့ဘောင်အသိုင်းအဝိုင်းဖြစ်လာအောင်တစ်ဘက်တစ်လမ်းက ကျိုးစားဆောင်ရွက်ရတော့မယ်။ သူများကို မှန်ကန်တဲ့နည်းလမ်းပြနိုင်ရန် ကိုယ့်ကိုယ်ကို မှန်ကန်အောင်အရင်လုပ်ရမယ်။ ဒီအတွက် ပတ်ဝန်းကျင်ကကျွေးခဲ့တဲ့အညစ်အကြေး တွေမကျန်အောင် ကိုယ်တိုင် ရင်ကိုခွဲလို့ဆေးကျောမယ်။
မိမိလိုရာ အေးချမ်းသာယာတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်လာစေချင်ရင်တော့ မေတ္တာစစ်နဲ့စည်းလုံးတတ်ရပါမယ်။ လူလူချင်းတန်ဖိုးထားပြီး တိုင်းရင်းသားနဲ့ ဘာသာခြားတွေကို ကိုယ်တိုင်မနှိမ်မိစေရအောင် မိမိနှုတ်ကိုထိန်းသိမ်းပြီး ကုလား ကုလား၊ တရုတ် xxxx, ကရင် xxxx စသည်ဖြင့် မခေါ်ပဲ ၎င်းတို့နာမည်ကိုသာ ခေါ်ပြီးမြန်မာပြည်ဖွားချင်း ချစ်ကြည်ရေးတံတားခင်းရပါမယ်။ Respect in humanity.
(ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်မှ သူများကိုလည်းပြောင်းလဲနိုင်မယ် လို့ လူကြီးသူမတွေရဲ့ ဆုံးမစကားလည်းရှိပါတယ်။ )


လူတိုင်းက အနှိမ်ခံရတာဘယ်သူမှ မကြိုက်ပါဘူး။ ဥပမာ ထိုင်းက မြန်မာလူမျိုးတွေကို ဖားမားလို့ခေါ်ပြီး နှာခေါင်းရှုံ့တာမြင်ရင် မြန်မာတစ်ယောက်အနေနဲ့ အနေအထိုင်ကြပ်ပါတယ်။ သူတစ်ပါးကိုနှိမ်နေသရွေ့ကာလပတ်လုံး စည်းလုံးညီညွတ်မှုဆိုတာလည်းမဖြစ်လာပါဘူး။ ကိုယ်နဲ့ဝေးသထက်သာဝေးသွားမှာပါ။ ဒီနေ့တရုတ် နိုင်ငံနဲ့ အန္ဒိယနိုင်ငံကိုယှဉ်ကြည့်လိုက်ရင် တရုတ်လူမျိုးတွေဟာ လူတန်းစားမခွဲခြားပဲ ပူးပေါင်းလုပ်ကိုင်ကြိုးစားကြလို့ တိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာပါပြီ။ နိုင်ငံတိုင်းမှာ တရုတ်ပစ္စည်များကို အနည်းနဲ့အများအားကိုးနေရပါပြီ။ အန္ဒိယနိုင်ငံမှာ ဇာတ်မြင့် ဇာတ်နိမ့်အယူဝါဒများရှိနေဆဲမို့ တစ်နိုင်ငံတည်းမွေးသော်လည်း ဇာတ်မတူသူ နဲ့စကားပြောဆိုဆက်ဆံမှုမပြုတာမျိုးရှိပါတယ်။ စည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန်လည်းအလွန်ခက်ခဲလှပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ဟောကြားခဲ့သော မှတ်သားဖွယ်ရာကိုလည်း
သတိရစေရန်တင်ပြလိုက်ပါတယ်။

(တိုင်းပြည်မှာ ဖက်ဆစ်ဝါဒလုံးဝမရှိအောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊
လူမျိုးအချင်းချင်း မုန်းတီးရေး ၀ါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့
စစ်အာဏာရှင်စနစ် အထက်ကသာ ဆုံးဖြတ်ပြီး
တိုင်းသူပြည်သားဆန္ဒအတိုင်းမဟုတ်တဲ့ မင်းစိတ်ပေါက်တဲ့ အရာရှိတွေ
ခြယ်လှယ်တဲ့စနစ်ဆိုးမျိုး ရှိနေရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးကို
မရနိုင်တော့ဘူး။ ဒါကြောင့် ကျုပ်တို့ ဒီမိုကရေစီ ၀ါဒကိုသာ ထောက်ခံရမယ်၊
ဒီဝါဒကို ကျင့်သုံးပြီး လွတ်လပ်တဲ့နိုင်ငံကို ထူထောင်နိုင်အောင် ကြိုးစားရမယ်၊
ဒီမိုကရေစီဝါဒကသာ ငြိမ်းချမ်းရေးကို
အားပေးတယ်)

** ၁၉၄၅ ခုနှစ် သြဂုတ်လ၌ကျင်းပသော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ
အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်း **

လူရဲ့မျက်လုံးဟာ နှလုံးသားရဲ့တံခါးပေါက်ပါ။ လူတစ်ယောက်ကို ရင်ထဲကမေတ္တာနဲ့ကြည့်လိုက်ရင် ကိုယ့်မျက်လုံးကိုမြင်ယုံနဲ့ထိုလူဟာမေတ္တာဓါတ်ကိုခံစားရပါလိမ့် မယ်။ မေတ္တာစစ်ပေးရင် မေတ္တာစစ် တုံ့ပြန်မှုရမယ်။ (Built Trust, Respect and Unity) ညီညွတ်ခြင်းဟာ သာယာဝပြောတဲ့နိုင်ငံတော်သစ်ဖြစ်လာမယ်။

ဒီနေ့ ဒါဏ်ရာဒါဏ်ချက်များစွာနဲ့ ယိုယွင်းပျက်စီးနေတဲ့နိုင်ငံတော်ကို မြန်မာပြည်ဖွားတွေ ဝိုင်းဝန်းဆေးကုပေးရန်လိုအပ်နေပြီ။

Saturday, March 6, 2010

စစ်ဘီလူးကျွန်ဘဝမှလွတ်မြောက်ရန် စည်းလုံးညီညွတ်စွာရုန်းထွက်

ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့ Land of Smile

ထိုင်းမှ ဖြစ်ရပ်မှန် 1

မြန်မာလူမျိုးတစ်ယောက်ကို ဖာမား (သို့) ဖမာ့ လို့အခေါ်ခံလိုက်ရရင် စစချင်းနဲနဲတော့ ကျောတွန့်သွားမယ်။ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးကို ခွန်ဖာမား (သို့) အတိုခေါက် ဖာမားလို့ထိုင်းဘာသာစကားနဲ့ခေါ်ကြပါတယ်။ မြန်မာလူမျိုးအတွက် ကြားလို့မကောင်း နားဝင်မချိုတဲ့ အသံတစ်သံဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမြန်ခေါ်ရင် ဖာမား အသံမှာ မား အစား မ ပဲကျန်နေလို့ပါ။ ဖားမားလို့ခေါ်ကြခြင်းအကြောင်းကို သမိုင်းနဲ့ဖော်ပြရရင် ရှေ့ခေတ်မြန်မာဘုရင့်တပ်တွေ ထိုင်းနိုင်ငံမြောက်ပိုင်းဝင်လာရင် ထိုင်းလူမျိုးတွေဟာ မြောက်ပိုင်းလေသံနဲ့ ပမား (ဗမာ) တွေလာကုန်ပြီလို့အော်ပြီးသူတို့မြို့ရွာတွေမှာ သတင်းပို့ကြပါတယ်။ ထိုင်းမြောက်ပိုင်းကို မြန်မာစစ်တပ်သိမ်းပိုက်နိုင်ပြီးနောက် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ အယိုထရာ (အယုဒ္ဓယ) မြို့ကိုဆက်လက်သိမ်းလိုက်တဲ့အခါ ထိုင်းအလယ်ပိုင်းသားတွေက သူတို့အလယ်ပိုင်းအသံထွက်နဲ့ (လေသံ) ဖာမား လို့ခေါ်ကြပါတယ်။ ဒီနေ့ထက်ထိတိုင် ထိုင်းမြောက်ပိုင်းကလွဲလို့ မြန်မာလူမျိုးကို ဖားမားလို့ခေါ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်တိုင်းလို ထိုင်းကို မြန်မာက မတရားဝင်ရောက် သိမ်းပိုက်ခြင်း၊ သူတို့ဘုရားဆင်းတုတော်များ စေတီများ၊ မြို့ရွာနဲ့ နန်းတော် တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုင်းမိန်းခလေးများ အဓ္ဓမ မုဒိန်းကျင့်ခံခဲ့ရကြောင်း၊ ထိုင်းနန်းတွင်း မင်းသား၊ မင်းသမီးများကို မြန်မာဘုရင်များမှခေါ်ယူသွားကြောင်း၊ ထို့ကြောင့်ထိုင်းနိုင်ငံသားတွေက မြန်မာလူမျိုးကိုစိတ်နာပြီး မြန်မာမျိုးဆက် အဆက်ဆက်ပျက်စီးစေရန် အဖန်ဖန် ကျိန်ဆိုခဲ့ကြောင်းတွေကို ရုပ်ရှင်ရုံကြီးနဲ့ တီဗွီဇတ်ကားတွေမှာ နှစ်တိုင်းငြီးငွေ့ဖွယ်ကောင်းလောက်အောင်တင်ပြကြပါတယ်။ ထိုင်းက ပညာရေးမှာလည်း အထက်ပါအကြောင်းအရာတွေကို ကျောင်းမှ ခလေးတွေကိုသင်ကြားပေးကြပါတယ်။ ဒါကြောင့် ထိုင်းမျိုးဆက် အဆက်ဆက်တိုင်းမှာ မြန်မာလူမျိုးကို မုန်းတီးတဲ့စိတ်အနည်းနဲ့ အများကိုယ်စီရှိကြပါတယ်။

မြန်မာနိုင်ငံရေး၊ စီးပွါးရေး နှုံချာလာတာနဲ့အမျှ မြန်မာလူမျိုးများနိုင်ငံခြား ထွက်ပြီးအလုပ်ရှာကြပါတယ်။ မြန်မာနိုင်ငံ ရဲ့အခြေအနေဟာ ကြာလေအာဏာရှိလူတစ်စုနဲ့ စီးပွါးရှင်လူတစ်စုကလွဲလို့ပြည်သူတစ်ရပ်လုံးမှာ အကျပ်အတည်းပေါင်းမျိုးစုံနဲ့ရင်ဆိုင်နေကြရပါတယ်။ အရင်ကမြန်မာဘွဲ့ရပညာတတ်နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ကြတယ်၊ နောက်ပိုင်းတက္ကသိုလ်ကကျောင်းသားတွေ ကျောင်းထွက်ပြီးပြည်ပမှာအလုပ်သွားလုပ်ကြတယ်။ အခုခေတ် တစ်လ တစ်လ အိမ်စားရိတ်ရအောင်မနည်းလုံးပန်းနေရတဲ့ ခေတ်ပျက်မှာ ၁၀ တန်း ကျောင်းသား ကျောင်းသူလေးတွေပြည်ပထွက်အလုပ်လုပ် အိမ်ကိုငွေပို့ရတယ်။ သနားစရာကောင်းတဲ့မြန်မာလူငယ်တွေ ပညာရေးအတွက်ငွေမလိုက်နိုင် မိသားစုဝမ်းစာရေးအတွက်သာ အသက်ငယ်ငယ်နဲ့ရုန်းကန်နေကြရရှာတယ်။

မြန်မာတိုင်းရင်းသားအများစုမှာတော့ ပတ်စ်ပို့လည်းမလုပ်နိုင် မှောင်ခိုပွဲစားတွေအားကိုးပြီး ထိုင်းမှာ တရားမဝင် သွားရောက်အလုပ်လုပ်ကြတယ်။ ထိုင်းရဲက ဖမ်းလို့ ရှောင်ရပြေးရတဲ့ဒုက္ခ၊ အဖမ်းမခံချင်ရင် ရှာထားသမျှ အိမ်အတွက်စုထားသမျှရွှေတိုငွေစလေးတွေကို ထိုင်းရဲကိုသာကြွေးလိုက်ရတယ်။ ကုန်သွားတော့ပြန်ရှာ ပြီးရင်ရဲစာမိ ကံကောင်းလို့အရှောင်တော်ရင် အိမ်ပို့ရန်ငွေကျန်ပြီသာမှတ်။ မြန်မာယောက်ျားတွေအတွက်ဘယ်လောက်ပဲရုန်းကန်ရပေမဲ့ မြန်မာမိန်းခလေးတွေလောက်တော့အဖြစ်မဆိုးဘူး။ မိန်းခလေးတွေမှာတော့ ရဲလာဖမ်းလို့ငွေပေးနိုင်ရင်ပေး မပေးနိုင်ရင်လူပေးရတာတွေရှိတယ်။ မိန်းခလေးတွေမှာလည်း အိမ်ကဆင်းရဲလွန်းတဲ့ မိဘသားစုအခြေအနေ၊ မောင်ငယ် ညီမငယ်တွေရဲ့ပညာရေး ညှာတာပြီး အစ်မကြီးဖြစ်သူတွေမှာကျောင်းကထွက် ပြီးသူများနိုင်ငံသွားအလုပ်လုပ်ကြခြင်းပဲဖြစ်ပါတယ်။

တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတွေ ရက်စက်မှုအောက်မှာ မြန်မာလူမျိုးတွေရဲ့ ဒုက္ခဆင်းရဲ နွမ်းပါးမှုတွေကို အိမ်နီးချင်းနိုင်ငံလည်းံဖြစ်၊ ဗုဒ္ဓဘာသာအချင်းချင်းလည်းဖြစ်တဲ့ ထိုင်းနိုင်ငံသားအများစုတွေဟာ မြန်မာလူမျိုးအပေါ် ကိုယ်ချင်းစာနာရမဲ့အစား သူတို့နှုတ်မှပြောရက်လိုက်တဲ့စကားတွေမှာ ''အရင်ခေတ်က ဗမာကိုစစ်ရှုံးတုန်းက ငါတို့ ဘိုးဘေးတွေတောင်းခဲ့တဲ့ဆု (ကြိမ်စာ) အခုခေတ်မှာပြည့်ပြီဟေ့။ အရင်ဘဝကငါတို့ထိုင်းကိုနှိပ်စက်ခဲ့လို့ ဒီဘဝမှာမြန်မာတွေ ငါတို့ဆီမှာကျွန်လာခံနေကြပြီ။ ဖာမားတွေသူတို့ခေါင်းဆောင်က သူတို့ကိုပြန်နှိပ်ဆက်နေကြပြီ။ ငါတို့ ထိုင်းလူမျိုးဖြစ်ရတာဂုဏ်ယူတယ်'' အစရှိတဲ့စကားတွေ မကြခဏပြောကြပါတယ်။

စိတ်မကောင်းစရာအကြောင်းတစ်ရပ်ကတော့
၂၀၀၇ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ရင်နင့်စရာအကြောင်းပါ။ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာအလုပ်လုပ်နေတဲ့ မြန်မာအပျိုလေးတွေကို ထိုင်းမာဖီယာတွေ အုပ်စုကကားတင်ပြီးတိုက်တစ်တိုက်မှာကြက်လို ငှက်လိုလှောင်ထားပြီး အလှည့်ကျမုဒိန်းကျင့်ကြပါတယ်။ မုဒိန်းကျင့်ရာမှာလည်း စိတ်ကြွဆေးတွေကို အတင်းကျွေးပြီးပြုကျင့်ကြတယ်။ ထို့နောက်ထိုင်းငါးဖမ်းသင်္ဘောတွေကိုပို့ပေးပြီး ထိုင်းသင်္ဘောသားတွေကို ကြိုက်သလိုမုဒိန်းကျင့်ခိုင်းကြတယ်။ အဲဒီလှောင်အိမ်တိုက်ပေါ်က ခုန်ချပြီးထွက်ပြေးလွတ်မြောက်သွားတဲ့ မြန်မာမိန်းခလေးမှ ထပ်ပြန်ပြောပြသည်မှာ သူတို့ကိုထိုင်းမာဖီယာတွေက ညစ်ပတ်ကြမ်းတမ်းစွာဆဲတဲ့အပြင် နင်တို့ခွေးမတွေ ငါတို့ကျွန်ဖြစ်နေပြီမဟုတ်လားလို့အော်ဟောက်ပြီးမုဒိန်းကျင့်ကြောင်းကိုပြောပြပါတယ်။ ဒီလိုလူမဆန်မှုတွေကိုမခံမရပ်နိုင်ဖြစ်တဲ့ စေတနာရှင်မြန်မာယောက်ျားတစ်ယောက်ဟာ ထိုင်းအမျိုးသ္မီးကယ်ဆယ်ရေး ''ပဝီနာ'' အသင်းကိုအကြောင်းကြား ရဲတွေနဲ့အတူမာဖီရာတွေရှိတဲ့နေရာကိုလိုက်ပြတော့ သူမရှိခိုက်သူ့အိမ်က ကိုယ်ဝန်သည် ခယ်မကို မာဖီရာတွေပြစ်သတ်သွားပါတယ်။ နောက်ဆုံးမာဖီရာနဲ့ထိုင်းပလိပ်ဟာဝေစား မျှစားတွေမို့ အဓိကကျတဲ့မာဖီရာခေါင်းဆောင်ကို မဖမ်းနိုင်ခဲ့ကြပါဘူး။ ဒီသတင်းနဲ့ပတ်သက်လို့ထိုင်းလူမျိုးအများသိကြပေမဲ့စာနာတဲ့စိတ်နဲ့မြန်မာဘက်ကထွက်ရပ်ပေးတာမရှိခဲ့ပါဘူး။ သို့သော် မြန်မာလူမျိုးတစ်ယောက်ကသာ ထိုင်းတစ်ယောက်အပေါ်စော်ကားမိပါက မြန်မာမကောင်းကြောင်းအပ်ကြောင်းထပ်ပြီးပြောကြမည်။ ထိုင်းတိုင်းပါးစပ်ကထွက်တာကတော့ ဖာမားတွေငါတို့နိုင်ငံထဲအရမ်းဝင်တာပဲဆိုပြီးမနှစ်သက်တဲ့မျက်နှာနဲ့ပြောကြပါတယ်။

သူတို့နဲ့စကားများမိလို့ကတော့ ဟေးဖမာ့တွေ တို့နိုင်ငံကထွက်သွားကြစမ်းလို့မောင်းထုတ်ခံရမယ်။ ကလေးချင်းဖြစ်တာတောင် ဖမာ့ ဖမာ့ လို့ထိုင်းကလေးကလှောင်သေးတယ်။

ဒီပို့စ်ကိုရေးရခြင်းအကြောင်းက ထိုင်းလူမျိုးများဟာ မြန်မာနှင့်အိမ်နီးချင်းနိုင်ငံဖြစ်သော်လည်း စီးပွါးရေးအရ မြန်မာတက်လာမှာကိုစိုးရိမ်ကြတယ်။ ဒါမှသူတို့ပြိုင်ဖက်နည်းမယ်လေ။ ဗုဒ္ဓဘာသာအချင်းချင်းဖြစ်သော်လည်း မြန်မာလူမျိုးအပေါ်စာနာမှုမရှိ။ နေရာတိုင်းမှာ ထိုင်းလူမျိုးကိုသာဦးစားပေးပြီး မြန်မာကိုအပျော့နည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုးနှိပ်ကွတ်ထားပါတယ်။

ဒါတွေဟာဒီမိုကရေစီနိုင်ငံလို့ကြွေးကျော်နေတဲ့နိုင်ငံ land of smile လို့ကြွေးကျော်နေတဲ့နိုင်ငံဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူလည်းများတဲ့နိုင်ငံဖြစ်ပါတယ်။ အထင်ရှားဆုံးက မြန်မာလူမျိုးအပေါ် Discrimination လုပ်ပြီး Racism နိုင်ငံတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းဖြစ်ရပ်မှန် 2

သားမှာဘာအပြစ်ရှိလို့လဲ

ဟီးဟီး မျက်ရည်ပေါက်ကြီးငယ်နဲ့ ကျောင်းကနေအိမ်ကို ငိုပြီးပြန်လာတဲ့ ကလေး။
ဒီလိုငိုပြီးပြန်လာတဲ့ကလေးပေါင်းများစွာရှိပါတယ်။
အိမ်ရောက်တော့ ငိုသံကပိုကျယ်လာတယ်။
အမာ ဟီးဟီး အမာ (သူ့အမေကိုခေါ်သံ)။
ဟဲ့အမာ ဒီမှာ ဘာဖြစ်လာတာလဲ ဘာလို့ဒီလောက် ငိုလာရတာလဲ။
သားကျောင်းကိုနောက်ဘယ်တော့မှ မသွားတော့ဘူး။
ဟဲ့ ဘာဖြစ်တာလဲပြောစမ်းပါအုံး။
သားကို ဆရာမက ဟဲ့ကောင် ကုလားလို့ခေါ်တယ်။ အဲဒါအတန်းထဲက သူငယ်ချင်းတွေက ကုလား ကုလား ဝက်----စားလို့ စတယ်။ ကျောင်းဆင်းတော့ စောက်ကုလားလို့အခေါ်ခံရတယ်။ သားသူတို့ကိုဘာမှ မလုပ်ပဲဝိုင်းအနိုင်ကျင့်တယ် ဟီးဟီးဟီး။
အမာ ဆရာမကိုပြောပေးမယ် ကျောင်းပြန်တက်ပါနော်။
ဆရာမကိုပြောတော့ ခလေးတွေပဲ စကြတာ၊ ဘွေမယူပါနဲ့။ ကျောင်းအုပ်ဆရာကြီးတိုင်ပြန်တော့ အသေးအမွှားကိစ္စတွေအတွက်အချိန်မပေးနိုင်ဘူးတဲ့လေ။
ဒါနဲ့ပဲ ဒီကလေးဟာ သည်းခံလိုက်၊ ခံပြင်းလိုက် စိတ်ဖိစီးမှုမျိုးစုံနဲ့သူ့ပညာရေးလမ်းကျောင်းကိုဖြတ်လာခဲ့ရပါတယ်။

အိမ်မှာ : သားမှာဘာအပြစ်ရှိလို့လဲ သားကို ဝိုင်းစကြတာ အနိုင်ကျင့်ကြတာ။ မျက်ရည်လေးဝဲပြီးသူ့မိခင်ကိုမေးရှာတယ်။ မိခင်ဖြစ်သူမှာလည်းမျက်ရည်တွေစို့လို့ သက်ပြင်းချပြီးသားလေးကိုနှစ်သိမ့်တဲ့အနေနဲ့ခေါင်းလေးကိုပွတ်သပ်ပေးနေတော့တယ်။ မိခင်ရဲ့စိတ်ထဲမှာ သားရယ် အမာတို့ခေတ်ကလည်းဒီလိုပဲ ပတ်ဝန်းကျင်ရဲ့အနိုင်ကျင့်မှု လူမျိုး၊ ဘာသာ အသားရောင် ခွဲခြားနှိမ်နင်းမှုတွေခံခဲ့ရပါတယ်။ အဲဒီအမွေတွေသားဆက်လက်ခံနေရပြီပေါ့။ သားကြီးလာရင်ခံနိုင်ရည်ရှိဖို့လိုတယ် သား။ အမာတို့ လူနည်းစုမှာ ဘာမှတောင်းဆိုပိုင်ခွင့်မရှိဘူး။ မြန်မာပြည်မှာမွေး (တစ်မြေထဲမွေး)၊ မြန်မာပြည်မှာကြီး မြန်မာစကားပြောနေပေမဲ့လည်း အမာတို့မှတ်ပုံတင်မှာတော့ဧည့်နိုင်ငံသားတဲ့လေ။ နောင်တစ်ချိန်မှာ လူ လူ ချင်းနှိမ်တာတွေ ပပျောက်သွားပါစေလို့ပဲ အမာ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။

မြန်မာနိုင်ငံတွင်းဖြစ်ရပ်မှန် 3

မားမား ငါကျောင်းထွက်ပြီး စီးပွါးရေးလုပ်မယ်။
လူ့ ဘွဲ့မှမရသေးတာ ဘာလုပ်ကိုင်စားမလဲ။
ဘိန်းရောင်းစားမယ်။
ဘုရား ဘုရား ဝင်းမောင် လူ့ ရူးသွားပြီလား ဟာ။ ကျောင်းကောင်းကောင်းထားတာ ဘာဖြစ်လို့ ဘိန်းရောင်းချင်ရတာလဲ။

အေး ငါ့ကို ဗမာသူငယ်ချင်းတွေ၊ ဆရာတွေက တရုပ်ပေါက်ဖော် တရုပ်ဘိန်းစားလို့ခေါ်ကြတယ်။ အစိုးရရုံးကိစ္စရှိလို့သွားရင်လည်း နာမည်မခေါ်ဘူး ဟဲ့တရုပ်လို့အခေါ်ခံရတယ်။ သူတို့ခေါ်တာကခင်လို့မဟုတ်ဘူး လူကိုနှိမ်ပြီးခေါ်တာ။ ငါတရုပ်အဖြစ်မွေးလာတာ ငါဘာမှားလို့လဲ။ ငါ လည်းငါ့မျက်နှာဓါးနဲ့လှီးပြစ်လို့မရတဲ့နောက် သူတို့ခေါ်ရကျိုးနပ်အောင် ဘိန်းရောင်းစားပြီးသူဋေး ဖြစ်အောင်လုပ်မယ်။ ငါချမ်းသာမှ ကုမ္ပဏီထောင်ပြီး ငါ့နှိမ်တဲ့လူတွေကို ခိုင်းစားမယ်။

အမလေး လူ့ ဘိန်းရောင်းစာရင်လေ မားမားကိုသာအရင်သတ်လိုက်တော့။ လူ့ ကိုပညာတတ်ကြီးဖြစ်စေချင်လို့ ရှိသမျှရွှေရောင်းပြီး ကျောင်းထားပေးထားတာ လူ့ မိုက်ရင် မားမားဘယ်လိုဆက်နေနိုင်မလဲဆိုပြီးငိုပွဲစတော့တာပဲ။ လူ့ အဖိုးကမြန်မာပြည်ကိုပြောင်းလာတာ မားမားလည်းဒီမှာမွေးတယ် လူး လည်းဒီမှာမွေးတယ်။ မားမားတို့မှာ လူနည်းစု ပြည်သူပိုင်သိမ်းခံရပြီး ဆင်းရဲတယ်။ လူ့ သူများစကား ဂရုမစိုက်နဲ့။ ကိုယ့်ဟာကိုယ် ပညာတတ်ကြီးဖြစ်အောင်ကြိုးစား သမ္မာအာဇီဝအလုပ်နဲ့ချမ်းသာအောင်လုပ် ဒါမှ လူ့ အောက်ကျမခံရမှာ။

ဝင်းမောင် တစ်ယောက်သူ့မိခင်စကားကိုနားထောင်ပြီး လူမျိုးရေးအနှိမ်ခံခဲ့ရသည်များကို သူ့ဘဝ၏ ခံပြင်းချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုအခါမှာ မြန်မာနိုင်ငံမှ လူသိများတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်နေပါပြီ။ သူ့ကုမ္ပဏီမှ ဝန်ထမ်းအားလုံးဟာ မြန်မာလူမျိုးစစ်စစ်တွေများကြပါတယ်။ သူ့ကို လူမျိုးရေးအရနှိမ်ခဲ့တဲ့လူများဟာလည်း အခုအခါ ဝင်းမောင်ကို တရုပ်ဘိန်းစားမခေါ်ဝန့်ပဲ ဆရာ ဆရာနဲ့ ကပ်ဖား ရပ်ဖားများလုပ်ပြီးကိုယ်ကျိုးရှာနေကြပါပြီ။ အခုဆင်းရဲနွမ်းပါးတဲ့ခေတ်ပျက်မှာ တရုပ်လူမျိုးများစီးပွါးရေးအရတိုးတက်လာပြီး လူမှုရေးအရစော်ကားမှု နှိမ်နင်းခံရမှုများရော့နည်းလာပါတယ်။

နိုင်ငံတိုင်းမှာ လူများစုက လူနည်းစုကို (တစ်နည်း အားနည်းသူ) နိုင်မယ်။ ဒါဟာ လူသတ္တဝါတို့ရဲ့သဘာဝဖြစ်တယ်။ လူမှာ ကိုယ်ကျင့်တရားကောင်းရင် နတ်ထက်မြင့်မြတ်တယ်။ ယုတ်မာရိုင်းစိုင်းရင်တော့ တောရိုင်း တရိစ္ဆန် ထက်ပိုဆိုးတယ်။ ကိုယ့်စိတ်ကို မွန်းမန်အလှစင်နိုင်တာဟာ မေတ္တာတရား။ ကောင်းသောမိဘက ကောင်းတဲ့မျိုးစက်သစ်ပဲမွေးဖွားမယ်။ မိဆိုးဖဆိုးတို့မှာတော့ လူမျိုးဘာသာစော်ကားရုံမက၊ ဘုရားသားခေါင်းတောင် ရိုက်ခွဲသတ်ဖြတ်ရဲတဲ့ မိစ္ဆာသတ္တဝါတွေကိုမွေးမယ်။

နိုင်ငံခြားရောက်မြန်မာလူမျိုးများမှာ တစ်နည်း (သို့) တစ်နည်းအနှိမ်ခံကြရပါတယ်။ ဂျပန်နဲ့ စင်ကာပူနိုင်ငံက တစ်ချို့အလုပ်ကျော်ငြှာစာမှာ မြန်မာကလွဲလို့အချားလူမျိုးတွေ လျှောက်လွှာတင်နိုင်တယ်ဆိုတာပါဘူးပါတယ်။ ကိုရီယား၊ မလေး၊ ထိုင်းမှာလည်းလူမျိုးရေးအရအနှိမ်ခံရပါတယ်။ အခုခေတ်မှာ တိုင်းတစ်ပါးသားတို့ရဲ့အနှိမ်ခံဘဝသို့သက်ဆင်းနေချိန်မှာ တစ်မြေထဲမွေး လူ အချင်းချင်းပြန်နှိမ်ဘို့မကောင်းတော့ပါဘူး။

မြန်မာမျိုးစက် အဆက်ဆက်အတွက်အကောင်းဆုံးနမူနာမှာ ကျူးကျော်သူနယ်ချဲ့အစိုးရကိုတိုက်ထုတ်ဘို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဘာသာခြားတွေ၊ တိုင်းရင်းသားတွေကိုစည်းရုံးနိုင်ခဲ့ပါတယ်။ မြန်မာပြည်ဖွားတွေစည်းလုံးညီညွတ်စွာပေါင်းပြီးတော်လှန်ခဲ့ကြလို့ လွတ်လပ်ရေးရခဲ့တာ သမိုင်းမှာထင်ရှားရှိနေပါတယ်။

ဒီနေ့နှုံချာစုတ်ပြတ်နေတဲ့မြန်မာနိုင်ငံမှာ Discrimination နဲ့ Racism ကိုတိုက်ဖျက်ပြီး (လူမျိုး ဘာသာ အသွေးအရောင်မခွဲ) တစ်မြေတည်းမွေး တစ်ရေတည်းသောက် ဒို့မြန်မာဆိုတဲ့စိတ်ဓါတ်မွေးပြီး စည်းလုံးညီညွတ်မှုရှိလာမယ်ဆိုရင် မိစ္ဆာစစ်ဘီလူးတို့ရဲ့ ကျေးကျွန်ဘဝကလွတ်မြောက်နိုင်မှာပါ။

Monday, March 1, 2010

ပုရုပ်ဆီစည်းဝိုင်းထဲက ပုရွက်ဆိတ် (မြန်မာလူမျိုး) ဘဝ

မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာကိုယ့်ကိုကိုယ်အယဉ်ကျေးဆုံးလို့ ထင်မှတ်ကြွေးကျော်ခဲ့တယ်။ မြန်မာလူမျိုးတွေဟာ စိတ်စေတနာကောင်းတယ် ကူညီရိုင်းပင်းတတ်တယ်ဆိုတာ အတိတ်ခေတ်က တကယ်ကိုရှိခဲ့ပါတယ်။

မြန်မာလူမျိုးတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်အသွေးအရောင်ကို
နှစ်သက်ကြပါတယ်။ မြန်မာကလွဲလို့ အင်္ဂလိပ် နှာခေါင်းရှည်၊ အရပ်ကလန်ကလားနဲ့မြန်မာနိုင်ငံ
ကိုမတရား သိမ်းပိုက်ခဲ့တဲ့နယ်ချဲ့ကိုကြည့်လို့မရ။ အင်္ဂလိပ်ခေါ်လာတဲ့ အန္ဒိယသားတွေနဲ့ကြတော့လည်း လူမျိုး အသားအရောင်ခွဲခြားမှုတွေဖြစ်လာပါတယ်။ အင်္ဂလိပ်ကလည်းသူများနိုင်ငံတွေလိုက်သိမ်းနေတာ master brain ပဲ ဘယ်ခေပါ့မလဲ။ မြန်မာတွေကို နှိတ်စရာရှိရင် သူတို့ကအတွင်းက အမိန့်ပေး၊ သူမဟုတ်သလိုနဲ့ အန္ဒိယသားတွေကို ရှေ့ကလုပ်ခိုင်းတော့တာပဲ။ အရင်ကတည်းက နှာခေါင်းပေါက်ကြယ် အသားမည်း၊ အရပ်ရှည်မြင်ရင် မနှစ်သက်တဲ့ မြန်မာလူမျိုးတွေမှာ ကုလားဆို တစ်စတစ်စချဉ်လာတယ်။ အင်္ဂလိပ်နယ်ချဲ့တွေဟာ အန္ဒိယနိုင်ငံကိုလက်နက်အင်အားနဲ့အရင်သိမ်း၊ ပြီးမြန်မာနိုင်ငံကိုလည်း ထိုနည်း၎င်းသိမ်းပိုက်ပြီး အန္ဒိယက သစ္စာရှိတဲ့လူမျိုးကို ရွေးပြီးမြန်မာနိုင်ငံမှာ ခိုင်းစားဘို့ခေါ်လာတယ် မုန်းစရာရှိရင် ကုလားပဲမုန်းပေါ့။

အဲမြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရတော့မယ်ဆိုတော့ သူတို့ရင်းနှီးခဲ့တာတွေ၊ မြို့တည်ခဲ့တာတွေဘယ်လွယ်လွယ်နဲ့အလွတ်ခံပါ့မလဲ။ မြန်မာနိုင်ငံမှာရှာတွေ့ထားတဲ့ ရေနံကျောတောင် လွတ်လပ်ရေးမပေးခင်ပိတ်သွားတာပဲ။ ရေနံကျောဆိုတာကလည်းပိတ်လိုက်ရင် အကျောလွဲသွားတယ်။ လွတ်လပ်ရေးမပေးခင် အင်္ဂလိပ်တွေဟာမြန်မာနိုင်ငံသားတွေအတွက် မျိုးရိုးအစဉ်အဆက်အတွက်ပေးသွားတဲ့အမွေ တွေရှိတယ်နော်။ အဲဒါတွေကပညာရေးပညာရေးအပြင် သူ့ကျွန်ဘဝရောက်ခဲ့တဲ့ ကုလားနဲ့ဗမာရန်တိုက်ပေးခဲ့တာပဲ။

ကုလား-ဗမာမုန်းတီးရေး၊ ဘာသာရေးပဋိပက္ခတွေ၊ တိုင်းရင်းသားအချင်းချင်း နယ်မြေခွဲယူအောင်တစ်နည်း၊ ဘာသာရေးနဲ့တစ်ဖုံ သွေးခွဲပေးခဲ့တယ်။ နယ်ချဲ့ပရိရယ်မှာငြိသွားတဲ့ မြန်မာတွေမှာ၊ နယ်ချဲ့တွေထားခဲ့တဲ့ကုလားတွေမှာ၊ တိုင်းရင်းသားတွေမှာပါ နှစ်ကြာလေ နယ်ချဲ့အင်္ဂလိပ်တို့ဖန်တီးခဲ့တဲ့နည်းဗျူဟာထဲနစ်လေပဲ။ ကြာလေ လူမျိုးရေး၊ နိုင်ငံရေးပြဿနာများလေပဲ။ နယ်ချဲ့အင်္ဂလိပ်တွေမှာတော့အရင်းအနှီးမြှုတ်နှံပြီး အတိုးပွါးလာသလိုပေါ့။

နယ်ချဲ့အင်္ဂလိပ်ဖန်တီးခဲ့တဲ့လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား ပဋိပက္ခကို နေဝင်းဦးဆောင်တဲ့စစ်တပ်ကပြန့်ပွါးပေးခဲ့တယ်။ တစ်ဖန် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုရှေ့ကစံပြ ဓမြတိုက်သွားတဲ့ ဦးနေဝင်းအာဏာကဆင်းပြီး သူ့ထက်မိုက်တဲ့ စစ်ခေါင်းဆောင်တစ်ယောက်ပြီးတစ်ယောက်တက်တော့ သူတို့တစ်စုမတရားနည်းနဲ့ရှာဖွေနိုင်သမျှဇိန်ရှိသမျှ ဒီအာဏာကိုမြဲသထက်မြဲအောင်စွဲကိုင်ထားရတော့မယ်။ ဒီတော့ကာမြန်မာလူမျိုးတွေအတွက် အင်္ဂလိပ်ပေးသွားတဲ့အမွေလည်းဖြစ်၊ သူတို့ကိုယ်တိုင်ကန်ချလိုက်တဲ့ အဖေကြီးဦးနေဝင်းလည်းသုံးခဲ့တဲ့၊ အထိရောက်ဆုံး - တစ်ချက်ခုတ်နှစ်ချက်ပြတ်တောင်မဟုတ်ဘူး အချက်ပေါင်းများစွာပြတ်တဲ့ လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား သွေးခွဲတဲ့နည်းဗျူဟာ ကိုပိုပြီးတော့လုပ်ကြံဖန်တီးပါတော့တယ်။ မြန်မာပြည်တွင်းနေ လူနည်းစုဘာသာခြား၊ တိုင်းရင်းသားတွေမှာ ကြီးငယ်နိုင်ညှင်းဒဏ်တွေခံ မတရားမှုတွေမှာ မိမိအသက်၊ ဘဝ၊ အိုးအိမ်များပေးစပ်လိုက်ရပါတယ်။

ဒါတွေကိုစစ်အစိုးရလက်ပါးစေတွေဒိုင်ခံလုပ်ပေးခြင်းအားဖြင့်၊ နိုင်ငံခြားကိုပညာသင်သွားရခြင်း၊ ရာထူးရာခံတိုးခြင်း၊ လူတစ်စုကြီးပွါးချမ်းသာခြင်း စသည်စသည် အကြိုးများစွာသူတို့ရကြတယ်လေ။ အင်တာနက်လောက က ပိုမိုလွယ်ကူစွာအသုံးပြုနိုင်လေ လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား နှိမ်နင်းစော်ကားမှု ဆိုက်တွေပိုများလာလေဆိုတာ လူတိုင်လိုသိနေကြပါတယ်။ စစ်အစိုးရ၏နိုင်ငံရေးပရိယာယ် ချယ်လှယ်မှုမှာ အာဏာမဲ့ လက်နက်မဲ့ ပြည်သူတွေဟာထွက်ပေါက်မရှိ အချင်းအချင်းပဋိပက္ခဖြစ်ကြ၊ ရန်ငြှိုးပွါးကြနဲ့ ပိုပြီး အရုပ်ဆိုးစေတယ် ။ လူငယ်တွေမှာလည်းအကျပ်အတည်းများစွာအောက်မှာကြီးထွားလာရ၊ ဗဟုသုတကောင်းမရ၊ အစိုးရပညာရေးညံ့ဖြင်း၊ စီးပွါးရေးကျပ်တည်းမှုတွေနဲ့ကြံရာမရ ထွက်ပေါက်မရှိ နောက်ဆုံး စာရိတ္တတွေပျက်စီးကြရှာတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်အဖြစ်၊ ပြည့် တန်ဆာ အဖြစ်အရောင်းစားခံရ ကျွန်ခံနေရတဲ့မြန်မာ၊ ကိုယ့်မွေးရပ်မြေရှိပါလျှက် သူများတိုတိုင်းပြည်မှာခိုလှုံနေရတဲ့မြန်မာလူမျိုးဘဝ။

မြန်မာလူမျိုးများဟာ အင်္ဂလိပ်နယ်ချဲ့ခေတ်ကစလို့ စစ်အစိုးရအဆက်ဆက်တိုင်သူ့ကျွန်ဘဝက ကို မလွတ်နိုင်သေးပါဘူး။

ဇာဂနာပြောသလိုပဲ (အဆင်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ၊ အဲဒီကောင်တွေ ပထမ တော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့ လှည့်ပြန်မယ်လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ်၊ အထဲ မှာတင် ပတ်ပြေးနေတော့တာ၊ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။ အဲဒါကို အများလည်း စဉ်းစားနိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျွန်တော်တို့ဟာ ခု ပရုတ်ဆီ အ၀ိုင်းခံနေရ တာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။)


ဒါကိုစာဖတ်သူများမြင်ကြမှာပါ။

အောက်က ပို့စ်လေးကိုအားပေးသွားပါနော်။
၃ ဘာသာ ညီနောင်မှပေးသော အသိနှင့်သတိတရား