Showing posts with label ပြည်သူ့အသံ. Show all posts
Showing posts with label ပြည်သူ့အသံ. Show all posts

Friday, October 29, 2010

လူ့အခွင့်အရေး လူ့တန်ဖိုးကိုလေးစားပါ


မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များသည် လူနည်းစုတိုင်းရင်းသားများဖြစ်ပြီး မြန်မာ့လူဦးရေမှ ၆ ရာခိုင်နှုံးသာရှိပါသည်။ ခရစ်ယာန်ဘာသာဝင် အများစုသည် ကရင်ပြည်နယ်၊ လီစူ၊ ကချင်၊ ချင်း ဒေသတို့တွင်စုပေါင်းနေထိုင်ကြသည်။

၁၈ ရာစု အစပိုင်းတွင် မြောက်အမေရိကမှ Adoniram Judson ဦးဆောင်သော missionary မှတစ်ဆင့် မြန်မာနိုင်ငံသို့ခရစ်ယာန်သာသနာရောက်ရှိခဲ့သည်။ ၁၉၆၆ ခုနှစ်ပတ်ဝန်းကျင်တွင် ခရစ်ယာန်သာသနာပြုအဖွဲ့တို့အား မြန်မာနိုင်ငံမှ အတင်းအကျပ် နှင်ထုတ်ခြင်းခံခဲ့ရသည်။

နအဖစစ်တပ်မှ ကရင်ရွာများသို့ဝင်ရောက်ဖျက်စီးခြင်း၊ မိန်းမပျိုများအား မုဒိန်းကျင့်ခြင်း၊ ရွာသားများအားဓါးပြတိုက်ခြင်း၊ ဒေသခံများအား နအဖစစ်တပ်တို့ ပြောင်းရွှေ့နေထိုင်ခိုင်းခြင်း၊ လယ်ယာများကို သိမ်းပိုက်ခြင်း၊ လက်နက်အားကိုးနှင့် ရွာသားများအား ပေါ်တာဆွဲခြင်း၊ တောတွင်း၌ ပစ်သတ်ခြင်း ချင်းပြည်နယ်အတွင်း အာဏာပိုင်များက လက်ဝါးကားတိုင်များ ဖျက်ဆီးနေခြင်း စသည့်အမှုများကို နအဖစစ်တပ်မှ မကြာခဏကျူးလွန်ခဲ့ကြသည်။

ခရစ်ယာန် ဘာသာဝင်တို့၏ လုပ်ပိုင်ခွင့်တွေ လုံးဝ မရှိ ဆောက်ပြီးသား ဘုရားကျောင်းတွေ ဖျက်ဆီးတာ အများကြီးဖြစ်နေပါသည်။ အသစ်ဆောက်လို့လည်း မရ၊ ခရစ်ယာန်ဘာသာရေးကို ဖျောက်ဖျက်ခြင်းဖြစ်သည်။ ဘုရားကျောင်းများကို ဖျက်စီးပြီး ယခင်ဘုရားကျောင်းနေရာတွင် စေတီဆောက်ထားကြသည်။

၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ခရစ်ယာန် အင်တာနက်စာမျက်နှာများ၌ မြန်မာဗုဒ္ဓဘာသာတချို့မှ ခရစ်တော်နှင့်ခရစ်ယာန်သာသနာဝင်တို့အား ဝင်ရောက်ဆဲဆိုစော်ကားခြင်း၊ စိန်ခေါ်ခြင်း၊ လိုက်လံနှောက်ရှက် ခြင်းများပြုလုပ်လာကြသည်။

မိမိနိုင်ငံတွင်းရှိ လူနည်းစု ခရစ်ယာန် ဘာသာဝင်များအပေါ် မတရား ဖိနှိပ်ခြင်း ညှဉ်းဆဲနှိပ်စက်ခြင်း၊ စော်ကားခြင်းတို့သည် လူမိုက်တို့၏ စရိုက်သာဖြစ်ပြီး ဘာသာတိုင်းမှ လူယဉ်ကျေးတို့ရှောင်ကြည်ကြသောအကျင့်စရိုက်ဖြစ်သည်။

မြန်မာလူမျိုးအများစုတို့သည် မိမိဘာသာဝင်မှ သူတစ်ပါးအားသွားရောက် ထိပါးစော်ကားမှုကို ရေငုံနှုတ်ပိတ်နေတတ်ကြပြီး မိမိတို့ဘာသာထိခိုက်မှသာ သွေးဆူအမျက်ထွက်တတ်ကြသည်။ တစ်ထောင်မှာ တစ်ယောက် ရှားရှားပါးပါးသာထွက်ပြီး ဆုံးမလမ်းညွန်သည်ကိုတွေ့ရသည်။ အမှန်မှာ မိမိသာသနာနှင့်လူမျိုး ဂုဏ်သိက္ခါအတွက် မြန်မာလူမျိုးကောင်းပီပီ ဝိုင်းဝန်းပြီးထိန်းသိမ်းသင့်သည်။

ခရစ်ယာန်ဘာသာဝင်တို့၏ယုံကြည်ချက်များမှာ * လူသားတို့သည် ဤလောက၌ ခေတ္တဧည့်သည်များသာဖြစ်သည်။

* ခရစ်ယန်ယုံကြည်သူများသည် ကောင်းသော ကိုယ်ကျင့်တရားရှိရန် ထာဝရဘုရားသခင်၏ ဓမ္မတရားများကိုလိုက်နာ ကျင့်သုံးကြရသည်။

*ခရစ်ယန်၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒြူဘာသာများကဲ့သို့ မတူသောအချက်မှာ ဘုံအဆင့်ဆင့်မရှိပါ။ နိဗ္ပာန် (ကောင်းကင်ဘုံ) နှင့် ငရဲ ၂ ခုသာရှိသည်။

* လူသားသည် အပြစ်များစွာလုပ်သည့် ဗီဇရှိပါသည်။ ကုသိုလ်ကောင်းမှု၊ အလှုအတန်းများလုပ်ခြင်း၊ တရားကျင့်ခြင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်းများဖြင့် အပြစ်များ လုံးဝမပြေပျောက်နိုင်ပါ။ ထာဝရဘုရားကို ယုံကြည်စွာဖြင့် ၀န်ချတောင်းပန်မှသာလျှင် အပြစ်များလွှတ်ပေးခြင်းခံရမည်။ (ခေါင်းခေါက်လိုက်၊ ၀န်ချ တောင်းပန်လိုက် ခဏခဏ အပြစ်လုပ်သူသည် တကယ်နောင်တရသူမဟုတ်)။

ခရစ်ယာန်နှင့် မူဆလင် တို့သည် ထာဝရဘုရားတဆူတည်းရှိသည် ကို သဘောတူကြသည်။ မွတ်ဆလင်တို့ ၏ ကိုရမ်ကျမ်းသည် နောက် ဆုံးပေါ်သောကျမ်းဖြစ်သောကြောင့် စုံလင်သည်ဟူ၏။

ဗုဒ္ဓဘာသာနှင့် ဟိန္ဒြူဘာသာ ယုံကြည်ချက် တို့သည် သဘာဝလောက သိပ္ပံပညာနှင့် ပိုမိုကိုက်ညီသည် ထင်မှတ်ရသည်။

ထို့ကြောင့်အချက်အလက်များနှင့် အခြေတင်ပြောဆို၊ အပြန်အလှန်ရေးသားပါက ငြိမ်းချမ်းမှုကို ခုံမင်သော ခရစ်ယာန်ဘက်မှ ရှုံးသွားဖွယ်ရာရှိသည်။ Action Speak ဆိုသည့်အတိုင်း ခရစ်ယန်များက လက်ရှိကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးများကို ဦးဆောင်လျှက်ရှိနေပါသည်။

မည်သို့ပင်ဖြစ်စေ မိမိ၏ ယခုဘ၀၊ နောင်ဘ၀ အတွက် စိတ်အေးရသော မိမိယုံကြည်ချက်ကို အခြေခံခိုင်မာရန် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဘုရားကျောင်းတက်ခြင်း၊ ကျမ်းစာလေ့လာခြင်း၊ ဘုရားသခင်ရှေ့တွင် နှိမ့်ချစွာ ကိုးကွယ်ဝတ်ပြုခြင်း၊ ဘုရားကို ကြောက်ခြင်း၊ ဘုရား၏ ချစ်ခြင်းမေတ္တာ တို့ကိုသာ ပိုမိုနားလည်ရန်အရေးကြီးပါသည်။

အခြားဘာသာဝင်များနှင့် အခြေတင်ပြောဆိုပါက မိတ်ပျက်တတ်သောကြောင့် ဇွတ်ငြင်းခုန်တတ်သူများသတိပြုရန်လိုအပ်ပါသည်။ မိမိကောင်းလျှင် သူများဘာသာနှင့် လူမျိုးအားလည်း အပြစ်ဟူ၍မမြင်တော့ချေ။

လူ့အခွင့်အရေးနှင့် လူ့တန်ဖိုးကိုလေးစားပါ။

ဘဒင်

Saturday, April 17, 2010

ပြည်သူ့အသံ အပိုင်း (၂)


ဦးအောင်လွင်

မြန်မာလူမျိုးများအတွက် ဘုရားစေတီပုထိုးတွေသာ များလာတယ် ဘုရားရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံသူတွေမှာ နည်းသထက်နည်းလာတာ သတိထားမိပါတယ်။

ဖုံးကွယ်ခြင်းသုံးပါးထဲမှာ ဘုရားကိုစေတီကွယ်တယ် ဆိုပြီး ပထမဦးစွာ ထည့်သွင်းထားတယ်လို့ ထင်မိပါတယ်။ တကယ်တော့ စေတီတွေက ဘုရားကို ကွယ်စေတာ မဟုတ်ပါဘူး.. ဘုရားကိုကွယ်စေနိုင်အောင် ကိုယ့်စိတ်က ရည်မှန်းလိုက်တဲ့ ရည်ရွယ်လိုက်တဲ့ စိတ်ထားတွေကသာ ဘုရားကို စေတီတွေက အလိုလိုကွယ်သွားစေတာပါ။

ဥပမာပြောရရင် ဘုရားဖူးသွားမယ်ဆိုရင် ဟိုဘုရားကတန်ခိုးကြီးလို့ ဒီဘုရားကဆုတောင်းပြည့်လို့ဆိုပြီး ဘုရားရွေးသွားကြတယ်။ အဲဒိရည်ရွယ်ချက်ကိုက ဘုရားရှင်အတွက်စေတနာထားရာမရောက်ပဲ မိမိကိုယ်ကြိုးအတွက်သွားတဲ့ဘုရားဖူးဖြစ်နေပါတယ်။

နောက်တစ်ခုကိုပြောရရင် ဘုရားရှင်ရဲ့တရားတော်တွေမှာ မေတ္တာတရားကိုမကြခဏဟောကြားခဲ့ပါတယ်။
သံဃာတော်တွေဟောကြားရာမှာလည်း လူသတ္တဝါအပေါင်းအပေါ် မေတ္တာစိတ်၊ စာနာစိတ်ထားရန်၊
တိုင်းပြည်အေးချမ်းသာယာရန် ဟောထားတာတွေရှိပါတယ်။ ဒီတရားတွေဟာ စိတ်ကျင်းမြောင်းတဲ့လူစားတွေနဲ့ မျက်ကန်းမျိုးချစ်အာဏာမက်တဲ့ လူတွေရဲ့နှလုံးသားထဲကိုမဝင်ပါဘူး။ တရားနာတုန်းခဏပါပဲ။

မေတ္တာဓါတ်ကိုနှလုံးသွင်းကျင့်သုံးနိုင်ရင်ဖြင့် လူမျိုးရေး၊ ဘာသာရေး စော်ကားတာ နှိမ်တာတွေပပြောက်သွားမှာပါ။ ဒါကြောင့်မေတ္တာအလင်းဓမ္မတရား အချို့ကိုရေးပို့လိုက်ပါတယ်ဗျာ။ အလွန်မှကြည်နူးစရာကောင်းပါတယ်။

မေတ္တာအလင်း
မေတ္တာဘာဝနာသည် စစ်မှန်တဲ့ဝိပတ်သနာမှတစ်ပါး အကြိုးတရားအကြီးမားဆုံးဖြစ်တဲ့ ရှင်တော်ဗုဒ္ဓကဟောကြားတော်မူခဲ့ပါသည်။
မေတ္တာတရားဆိုတာအလွန်ကိုအေးမြတဲ့ဓါတ်သဘောပါ။ လောကကြီးတစ်ခုလုံးမှာ လောဘမီးတွေ ဒေါသမီးတွေ မောဟမီးတွေ ဟုန်းဟုန်းတောက်ပြီးတော့ မီးလောင်ခံနေတဲ့လူသားအားလုံးကို မိုးရိပ်မိုးစက်သဖွယ် ငြိမ်းအေးသွားစေနိုင်တာကတော့ မေတ္တာတရားပါ။

မန်မာနတွေ လောဘ မောဟတွေနဲ့ညစ်နွမ်းနေလိုက်ကြတာ ရေစဉ်သဖွယ်စင်ကြယ်စေတာကလည်း ဒီမေတ္တာဓါတ်ပါပဲ။ *မေတ္တာဓါတ်ဆိုတာနေရာတိုင်းမှာရှိဘို့ လူတိုင်းမှာရှိဘို့အရေးကြီးပါတယ်။* မိသားစုတိုင်းမှာ မေတ္တာဓါတ်ရှိပြီဆိုရင် နေချင်စဖွယ်မိသားစုလေးဖြစ်နေပါတယ်။ မိသားစုကနေ ရပ်ကွက်မြို့ရွာနိုင်ငံတစ်ခု ဒီနိုင်ငံတစ်ခုမိသားစုကနေပြီးတော့ တစ်ကမ္ဘာလုံးလို့ခေါ်တဲ့မိသားစု ဒီတစ်ကမ္ဘာလုံးလို့ခေါ်တဲ့မိသားစုကနေပြီးတစ်လောကလုံးအထိ မေတ္တာဓါတ်တွေများလွှမ်းမိုးပြီးတော့လွှမ်းခြုံထားလိုက်ရင်တစ်လောကလုံးဘယ်လောက်အေးချမ်းလိုက်မလဲ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ။

မေတ္တာဟာဆင်းရဲနွမ်းပါးတဲ့သူကိုလည်းအာရုံပြုတာပဲ ပြည့်ပြည့်စုံစုံနဲ့သူကိုလည်း အာရုံပြုတာပဲ။
*ယုရမှု ပိုက်ထွေးမှု စည်းလုံးညီညွတ်မှုတွေဟာမရှိမဖြစ်အရာတွေပါ။* ကိုယ့်မိသားစုကို မေတ္တာဓါတ်နဲ့လွှမ်းခြုံပြီးအေးချမ်းနေကြသလို ကိုယ့်ရပ်ရွာ ကိုယ့်နိုင်ငံ ဒီလောကကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီးထားရင်ဘယ်လောက်ကောင်းလိုက်မလဲ။

မေတ္တာဓါတ်အေးချမ်းမှုကိုသူတစ်ပါးဆီကတောင့်တကြတယ် လိုချင်ကြတယ်။ *သူတစ်ပါးဆီကတောင့်တ လိုချင်သလို ကိုယ့်စီက မေတ္တာဓါတ်ကို သူတစ်ပါးကိုလည်းခွဲဝေပေးဘို့စိတ်ရှိရတယ်။*

အဲဒါကြောင့်မိမိတို့မှာတစ်နိုင်တစ်ပိုင်ရှိတဲ့ မေတ္တာဓါတ်တွေကို လူသတ္တဝါအပေါင်းအပေါ်မှာမေတ္တာမိုးရွာဖြိုးပြီးတော့ အေးချမ်းစေလိုတဲ့စိတ်နဲ့ **လူမျိုးမရွေး၊ ဘာသာမရွေး၊ အချိန်မရွေး၊ နေရာမရွေး** မေတ္တာတွေခွဲဝေဖြန့်ပေးနိုင်ဘို့ မေတ္တာရှိတဲ့သူတော်ကောင်းတွေက ကိုယ့်ရှိတဲ့မေတ္တာဓါတ်တွေကိုပို့လို့ အများတကာတွေလည်းမေတ္တာဓါတ်တွေပို့လို့ အေးချမ်းဘို့ သူတော်ကောင်းတွေရဲ့မေတ္တာတွေကိုပေးနေကြတာကို
မိမိတို့တွေဟာမေတ္တာဓါတ်တွေနဲ့အေးချမ်းသာယာစွာခံယူနိုင်ကြပါစေလို့ မေတ္တာနဲ့တိုက်တွန်းလိုက်ပါတယ်။ အေးချမ်းပါစေ။

မသင်ဇာ

လူမျိုးရေး ပြဿနာက နယ်ဘက်တွေမှာတော့ အဲလောက် မဆိုးဝါးပါဘူး။ ကျမတို့နေတဲ့ နေရာမှာ တရုတ်များတာလည်း ပါလိမ့်မယ်ထင်တယ်။ ကျန်တာက ရှမ်း၊ ပအိုဝ့် စတဲ့ တိုင်းရင်းသားတွေပါ။ နယ်ဘက်တွေမှာ နေထိုင်ရတာ ငြိမ်းချမ်းပါတယ်။ ငယ်ငယ်က ကျောင်းမှာရော၊ အပြင်မှာရော လူမျိုးရေးကို ထိခိုက်စော်ကားတဲ့သူမျိုးကိုတော့ မကြုံတွေ့ဖူးပါဘူး။ ဗမာလူမျိုးများတဲ့ဒေသတွေမှာ လူမျိုးရေးပြဿနာ ပိုများလိမ့်မယ်ထင်တယ်။

မေး 1. မြန်မာပြည်ဖွားတွေအတွက် ကိုယ့်နိုင်ငံသားအချင်းချင်း လူမျိုးရေး၊ ဘာသာရေး အနှိမ်ခံရတာကို ဘယ်လိုခံစားရပါသလဲ ခံစားချက်လေးတွေပြောပြစေချင်ပါတယ်။

ဖြေ : တစ်နေ့ ဘလော့ဂ်တစ်ခုမှာ "ဒီတရုတ်တွေ ရှုပ်ကို ရှုပ်တယ်။ ကိုယ့်ဘာကိုယ် တရုတ်ပြည် ပြန်ကြတာ မဟုတ်ဘူး။ သူများနိုင်ငံလာပြီး စီးပွားရေးကို အုပ်စိုးနေတယ်။" ဆိုတဲ့ စာသားကို ဖတ်မိတော့ တော်တော် ဝမ်းနည်းမိပါတယ်။

- ရှုပ်ကို ရှုပ်တယ်ဟု ပြောရအောင် တရုတ်တွေ သူတို့ကို ဘာမှ မလုပ်ပါ။ ကိုယ့်ဘာကို အေးအေးချမ်းချမ်း ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာကို ဘလိုင်းကြီး ကြည့်မရ ဖြစ်နေတာကို မခံနိုင်ပါ။
- တရုတ်ပြည် ပြန်ခိုင်းရအောင် ဘိုးဘွားတွေ လက်ထက်ကတည်းက မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးလာကြတာ။ နိုင်ငံသား အနေနဲ့ သတ်မှတ်လက်ခံ သင့်ပါပြီ။
- ဘာသာရေး အနေနဲ့ကတော့ အစ္စလာမ်ကို ထိပါးစော်ကားတာတွေက မကြားချင်မှ အဆုံးပါဘဲ။

မေး 2. ဒီအတွက် မြန်မာပြည်ဖွားတွေ ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို့ထင်ပါသလဲ။

ဖြေ : မြန်မာပြည်ဖွား မြန်မာလူမျိုးတွေ အနေနဲ့ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့သူတွေကို လူမျိုး ဘာသာ ခွဲခြားတဲ့ အမြင်နဲ့ မကြည့်ဘဲ သဘောထား ကြီးသင့်ပြီလို့ ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လူတွေ Migrate လုပ်ပြီး ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ နေထိုင်နေကြတာကို နားမလည်တဲ့ ရေတွင်းထဲက ဖားသူငယ်လို အမြင်တွေ ဖျောက်သင့်ပါပြီ။

မေး 3. အရိုးစွဲ နုတ်ကျိုးနေတဲ့ အခေါ်အဝေါ်တွေ ဖြစ်တဲ့ ကုလား ကုလားခေါ်တာ၊ တရုတ် ၊ တိုင်းရင်းသားတွေကို အားမနာပ xxxx ခေါ်တာတွေ ပပြောက်သွားမယ်လို့ထင်ပါသလား။

ဖြေ : မထင်ပါ။ လူနည်းစုတွေဟာ အမြဲ လူများစုတွေရဲ့ နိုင်ထက်စီးနင်း လုပ်ခံရတာ မြန်မာပြည်မှာဘဲ မဟုတ်ပါ။ နိုင်ငံတကာမှာ တွေ့နေရပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်လာပြီး အမြင်ကျယ်လာကြမယ်ဆိုရင် အနည်းနဲ့ အများတော့ ပပျောက်သွားနိုင်ပါတယ်။

Teresa Nwe

Answer 1 : That really discrimination! makes feeling very bad and sad! We are also born in Burma especially we are definitely Burmese. Don't need to racist each other like ka lar, ta yout.

Answer 2 : Don't need to be racist, discriminate to other people. Don't people let say " low people who have narrow mind living in lowest country". We have to be change our self.

Answer 3 : I don't think that they change because they are used to it since they born.

ကိုမင်းမင်းနိုင်

အမေရိကန်နဲ့တစ်ခြားနိုင်ငံတွေမှာ မြန်မာတွေပြောင်းရွှေ့နေထိုင်ကြတာအတော်ကိုများပါတယ်။ အဲဒိအထဲမှာမြန်မာ တိုင်းရင်းသားတွေလည်းပါ ပါတယ်။ အဲဒီနိုင်ငံတွေမှာကလေးတွေမွေးတယ်။ အဲဒိမှာပဲကြီးပြင်းလာတယ် စီတီဇင်ရကြတယ်။ အိမ်ပိုင်ရာပိုင်၊ အိမ်ထောင်ကြ နောက်ထပ်မျိုးစက်သစ်တွေမွေးပြီးမှ အဲဒိနိုင်ငံသားတွေကအမြင်ကျင်းလာပြီး မင်းတို့မြန်မာတွေ ငါတို့နိုင်ငံမှာရှုပ်တယ်ဆိုပြီး နိုင်ငံသားကဒ်သက်တမ်းမတိုးပေးတာတို့ နိုင်ငံသားကဒ်မထုပ်ပေးတာတို့ အပြုနဲ့ကော အပြောနဲ့ပါနှိမ်လာရင်၊ နောက်ဆုံးမင်းတို့နိုင်ငံပြန်သင့်ပြီပြောလာတဲ့အခါ အဲဒိမှာမွေးတဲ့မြန်မာမျိုးစက်တွေဘယ်လိုခံစားရမလဲ။ ကိုယ့်နိုင်ငံကဆင်းရဲနွမ်းပါးလွန်းတော့ နိုင်ငံခြားထွက်တဲ့မြန်မာတွေလည်းများသထက်များလာပါတယ်။ ဘာကိုမှမမြဲဘူးဆိုတာ သတိရှိကြရင် မြန်မာလူမျိုးတွေအတွက်စိတ်အေးရပါပြီဗျာ။

Saturday, March 20, 2010

ပြည်သူ့အသံ အပိုင်း (၁)

မြန်မာပြည်သူများနှင့်တွေ့ဆုံအင်တာဗျူးလုပ်ခဲ့သည်များကို စာဖတ်သူများအားဝေမျှလိုက်ပါတယ်။

အင်တာဗျူးဖြစ်မြောက်အောင် ကူညီပေးခဲ့ကြတဲ့ဘလော့ဂါသူငယ်ချင်းများနှင့်အတူ အင်တာဗျူးဖြေပေးတဲ့မြန်မာပြည်သူများကို ဒီကနေအထူးကျေးဇူးတင်ရှိပါကြောင်းပြောလိုက်ပါတယ်။

အင်တာဗျူးမေးခွန်းများ
1. မြန်မာပြည်ဖွားတွေအတွက် ကိုယ့်နိုင်ငံသားအချင်းချင်း လူမျိုးရေး၊ ဘာသာရေး အနှိမ်ခံရတာကို ဘယ်လိုခံစားရပါသလဲ ခံစားချက်လေးတွေပြောပြစေချင်ပါတယ်။

2. ဒီအတွက် မြန်မာပြည်ဖွားတွေ ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို့ထင်ပါသလဲ။

3. အရိုးစွဲ နုတ်ကျိုးနေတဲ့ အခေါ်အဝေါ်တွေ ဖြစ်တဲ့ ကုလား ကုလားခေါ်တာ၊ တရုတ် ၊ တိုင်းရင်းသားတွေကို အားမနာပ xxxx ခေါ်တာတွေပပြောက်သွားမယ်လို့ထင်ပါသလား။


ကိုအောင်မျိုး
1. ခံစားချက်တွေကများ လို့ လိုရင်း တိုရှင်းဖြေရန်မလွယ်ပါ ... တက်နိုင်သလောက်တော့ ဖြေကြည့်မယ်
တနိုင်ငံလုံး နာဇီ ကွန်မြူနစ် ထောင်ထဲ ရောက်နေတယ်လို့ ခံစားရတယ်...

2. နိုင်ငံမှာ လူ့အခွင့်အရေးရှိလာ အောင်ပြုပြင်ပြောင်းလဲ သင့်တယ်လို့ ထင်ပါတယ်....ဘယ်လို ပြောင်းရမည်းဆိုတော့ တချို့ အလုပ်တွေကို ပြောရမှာဖြစ်ပြီး တချို့ အလုပ်တွေက ပြောဆိုနေရမည့် အလုပ်မဟုတ်တော့ မပြောဘဲ လုပ်ရမှာဖြစ်ပါတယ်...

3. လူတိုင်းမှာ ကိုယ်ပိုင်စိတ်ဝင် စားစရာတွေ ရှိရင် သူများကို စိတ်မ၀င်စားတော့ပါဘူး.. အဲ့ဒီလို စိတ်မ၀င်စားရင် နှိမ်ဘို့လည်းစိတ်မ
ဝင်စားတော့ပါဘူး... ဒီအပြင် လူတွေဟာ ကိုယ့်ကိုယ် ကို တန်ဖိုးထားလာတက်ဖို့ လိုပါတယ် ကိုယ့်ကို ကိုယ်တန်ဖိုးထားလာရင် နေရင်းထိုင်ရင် သူများကိုပါ တန်ဖိုးထားလာတက်ပါတယ်... ဒါတွေကိုခြုံကြည့်လိုက်ရင် မြန်မာပြည်သားများ အနာဂတ်လှလှ ပိုင်ဆိုင်နိုင်ခွင့် ရှိလာရင် ပပြောက်သွားမှာပါ....

နိုင်ငံရေးသမားတစ်ယောက်
နိုင်ငံခေါင်းဆောင်တွေက ပညာမတတ်ဘူး။ သူတို့ဟာ တောထဲမှာ ကိုယ့်တိုင်းရင်းသားနဲ့ပတ်ပြီးစစ်ပဲတိုက်နေခဲ့တယ်။ ရာထူးရာခံတိုးလို့မြို့တက်လာတော့ တွေ့သမျှပြည်သူကိုလည်း စစ်ကွင်းထဲကရန်သူလို့ပဲမြင်ကြတယ်။ သေးသိမ်တဲ့စိတ်တွေနဲ့ သူတို့အသိုင်းအဝိုင်းကောင်းစားဘို့ပဲအဓိကထားကြတာပြည်သူတွေအမြင်ပါ။ သူတို့အာဏာမြဲအောင်၊ ပြည်သူလူထုကို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေနဲ့သွေးထိုး ဖြားယောင်းပြီး အာရုံပြောင်းပေးထားကြတယ်။
ဒါကိုအသိအလိမ္မာပညာရှိတဲ့မြန်မာလူမျိုးတိုင်းသိကြပါတယ်။ တိုင်းပြည်ခေါင်းဆောင်က ပညာမတတ်လုပ်ချင်ရာစွတ်လုပ်နေတော့ ပညာတတ်တွေ နိုင်ငံခြားထွက်ပေးရတာပေါ့။ မြန်မာတိုင်း လူ့အခွင့်အရေးရရှိဘို့အတွက် လက်မလျှော့တန်းဆက်တိုက်ရမယ်။

ဒေါက်တာစန်းယု
မြန်မာနိုင်ငံမှာမွေးတဲ့ ကျွန်တော်တို့တွေဟာ လူမျိုးရေးအရအနှိမ်ခံရတာကြောင့် ပညာရေး၊ စီးပွါးရေးမှာ သူများထက်ပိုကြိုးစားရပါတယ်။ ကြိုးစားပေမဲ့လည်း တရုတ်လူမျိုးကိုအထက်ထိတက်ခွင့်မပေးပါဘူး။ တစ်ခါတစ်လေအိမ်တိုင်ရာရောက် သန်းခေါင်စာရင်းစစ်၊ ဟိုစစ် ဒီစစ်တွေလာလုပ်ကြပါတယ်။ အိမ်ရှေ့ဘုရားစင်ပေါ်မှာ ကိုအင်မယ်တော်ပုံတင်ထားမိရင်တော့အစစ်ဆေးအမေးအမြန်းကထူပါတယ်။
အဲ ဗုဒ္ဓဆင်းတုတော်ကိုဘုရားစင်အလယ်မှာတင်ထားရင်တော့ အဲဒီနေ့အစဉ်ပြေသွားပြီ။ လူမျိုးရေးအရနှိမ်ပြီး ဘဝတက်လမ်းကိုပါလိုက်ဒုက္ခပေးနေတာဟာ ရှင်းရှင်းပြောရရင်လူ့အခွင့်အရေးကိုလိုက်ပိတ်ပင်တာပေါ့ဗျာ။ အဲတော့ဆရာဝန်တွေဆို အမေရိက ကိုထွက်သွားကြတာများတယ်။ အဲဒီကတစ်ဆင့် မြန်မာပြည်မှာအနှိမ်ခံနေရသေးတဲ့ ညီအစ်ကို မောင်နှမတွေကို ခေါ်ထုတ်ရတယ်။ အချို့ကလည်း တိုင်ဝမ်ကအမျိုးတွေနဲ့ပြန်ဆက်သွယ်ပြီး တိုင်ဝမ်ကိုထွက်ကြတယ်။ အချို့ကတော့ ဟောင်ကောင်နဲ့ စင်ကာပူ စတဲ့နိုင်ငံတွေကို အသီးသီးထွက်လာကြပါတယ်။ မြန်မာနိုင်ငံဟာဆင်းရဲသထက်ဆင်းရဲနေပေမဲ့လည်း လူမျိုးရေးအရနှိမ်တာရော့မသွားတဲ့အပြင် ပိုပြီးများလာပါတယ်။ အစိုးရအနေနဲ့ပြည်သူတွေကို ကိုယ့်နိုင်ငံမှာပညာသင်ပြီး ကိုယ့်နိုင်ငံကိုပြန်လုပ်ကျွေးစေချင်ရင် ဒီလူမျိုးရေးအရနှိမ်တာကိုအရင်ပပြောက်အောင်လုပ်ရမယ်။ ပြည်သူကိုဆက်ပြီးနှိတ်ကွတ်နေရင်တော့ လူ့အခွင့်အရေးရှိတဲ့နေရာကိုပြောင်းရွှေ့နေရမှာပါ။ ကျွန်တော့အမြင်အရပြောရရင် လူ့တန်ဖိုးမသိသမျှကာလပတ်လုံး အရိုးစွဲ နုတ်ကျိုးနေတဲ့ အခေါ်အဝေါ်တွေပျောက်သွားဘို့ဆိုတာမဖြစ်နိုင်ပါဘူး။

ကိုနိုင်
မြန်မာပြည်သား အချင်းချင်းကိုယ့်နိုင်ငံသားအချင်းချင်း လူမျိုးေ၇း။ ဘာသာရေး အနိမ်ခံရတာ ကိုဘယ်လိုပြောရမှန်းကိုမသိပါဘူးဗျာ ။ ရင်ထဲမှာတော်တော်လေးကိုနာကျင်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာမွေးတာပါ ။ အဖေ အမေ အဖိုးအဖွားတွေလဲ မြန်မာပြည်ပေါက်ပါ ။ ဒါပေမယ့်ကျွန်တော်တို့က အစ္စလာမ်ဘာသာကိုခံယူထားတော့ ကျွန်တော်တို့ကို ကုလား ကုလား လို့ခေါကြတယ် ။ ဒါပေမယ့်ကျွန်တော်တို့ဟာ မြန်မာနိင်ငံသားပါ။ ဘယ်တိုင်းပြည်နဲ့မဆို စစ်တိုက်ရင်တောင် မြန်မာဘက်ကတိုက်ရမှာပါ။
နိုင်ငံသားလက်မှတ်( မှတ်ပုံတင်) ပြုလုပ်ရာမှာလဲ အရမ်းခက်ခဲပါတယ်။ အဖေအမေ မှာ မှတ်ပုံတင်ရှိရဲ့သားနှင့် အဖိုး အဖွားမှာ နိုင်ငံသားခံယူထားတဲ့ကတ်တွေ၇ှိရဲ့သားနှင့် ကျွန်တော်တို့ကို နိုင်ငံသားကတ်ထူတ်ပေးဖို့ တအားရစ်ပါတယ်။ တရုတ်လူမျိုးဆိုရင်လဲ ထိုနည်းအတိုင်းပါပဲ ။သူတို့ဆို၇င် ဘာသာက ဗုဒ္ဒဘာသာပါပဲ။ ဒါပေမယ့်ဗျာ တရုတ်ဆိုရင်လည်းထိုနည်းအတိုင်းပါပဲ ။ ယခုလို ကုလား ကုလား ။ တရုတ်တရုတ် လို့ခေါ်ဝေါ်
နေတဲ့ အခေါ်အဝေါ် ဟာလည်းပြောင်းလဲ သွားမယ် မထင်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်မှာ တရုတ်လူမျိုး ကုလားလူမျိုးဆိုရင် ရာထူးမတက်ပါဘူး အနိမ်ခံဘ၀ပါ။ စစ်တပ်မှ မဟုတ်ပါဘူး အစိုးရ ဋ္ဌာန တိုင်းမှာကို အဲလိုပါပဲ။

ကျောင်းမှာဆို၇င်လည်း ကုလားကလေးတွေကို ဆရာမတွေက နိမ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အဲလိုအနိမ်ခံပြိးကျောင်းတက်ခဲ့ရပါတယ်။ ပြိးတော့ကျွန်တော်ထင်တာက မြန်မာလူမျိုးတွေက ကလားလူမျိုးတစ်ယောက်ကို ကုလားလို့ခေါ်တာဟာ ဗမာလူမျိုးတွေကြားထဲမှာ ကုလားတစ်ယောက်ကိုနိမ်ချလိုက်တယ်လို့ စိတ်ထဲမှာထင်ပုံရပါတယ်။ အဲသလိုပဲ တရုတ်တစ်ယောက်ကိုလဲ တရုတ်လို့ခေါ်ခြင်းဟာ နိမ့်ချပြိးခေါ်တယ်လို့ယူစပုံ၇ပါတယ်။ အမှန်က ကိုယ်နိုင်ငံသားအချင်းချင်းပဲ နာမည်မသိရင်တောင် ကိုဘယ်သူ ။ အကို ။ အမ စသည်ဖြင့်ခေါ်လို့ရပါတယ်။
ဒါတောင်မှ သူတို့တွေဟာ ဟိုကုလား ကလေ ဟိုကုလားမ ကလေ ဟိုတရုတ်ကလေ ဟိုတ၇ုတ်မကလေစသည်ဖြင့်ခေါ်လေ့၇ှိတယ် ။

ဘာဖြစ်လို့လဲဆိုတော့လက်၇ှိတိုင်းပြည်အုပ်ချုပ်နေတဲ့ လူကြိးတွေကိုက ။ ကုလားလူမျိုး ဖြစ်စေ တရုတ်လူမျိုးဖြစ်စေ နှိမ်ထားရမည်လို့ အောက်လက်ငယ်သားတွေကိုသွန်သင်ထားလို့ပါ။ ကျွန်တော်တို့အဲသလိုခေါ်ခံရလို ရင်နာပေမယ့်ဘာမှမတက်နိုင်ဘူးလေ --ဟုတ်တယ်မလား ။ကျွန်တော်တို့ကမွေးဖွားလာတာကိုက မြန်မာပြည်မှာမွေးလာတာကို --------ဘယ်အရာကိုအပြစ်တင်ရမလဲ --------ကံတရားကိုလားးးးးးးးးးးး ဘုရားသခင်ကိုပဲလားးးးးးးးးးးး
မပြောတက်တော့ပါဘူးဗျာ။
တော်ပါပြီဗျာ ဆက်မပြောတော့ပါဘူး
၇င်နာလို့ပါ။

ဒေါက်တာယဉ်ယဉ်
မြန်မာလူမျိုးအများစုမှာ အသားအရောင်နဲ့ပတ်သက်ပြီး allergy ရောဂါရှိကြပါတယ်။ ကျမတို့လူသေ (သို့) လူနာတွေကိုခွဲစိတ်ရတဲ့အခါ လူရဲ့အခွံနဲ့တူတဲ့အပြင်အသားအရောင်ပေါ်ကစခွဲပြီး တစ်ဖြေးဖြေးအတွင်းအသားထဲထိခွဲရပါတယ်။ အထဲမှာအရေးကြီးတဲ့ လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ အစာအိမ်၊ အရိုး စသည်ဖြင့်တို့ဟာ လူမျိုးတိုင်းမှာအရောင်တူကြပါတယ်။ ဒီနေရာမှာကျမ high light ပေးချင်တာက အပြင်အသားအရောင်ဆိုတာ လူတွေရဲ့အခွံတစ်ခုပါ။ အဓိကအချက်ကတော့ စိတ်နှလုံးပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ ဒါတွေကိုနားလည်နေတဲ့ကျမ မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက်လည်းဖြစ်တယ် South Africa မှာအလုပ်သွားလုပ်နေရင်း African တစ်ယောက်နဲ့အိမ်ထောင်ကျခဲ့ပြီးသ္မီးနှစ်ယောက်ရခဲ့ပါတယ်။ အခုသ္မီးအကြီးက ၈ နှစ်နဲ့ သ္မီးငယ်က ၆ နှစ်ရှိပါပြီ။ ကျမအိမ်ထောင်ကျစက မြန်မာသူငယ်ချင်းတွေက အာဖရိကန်နဲ့ယူလို့ရှုံ့ချကြပါတယ်။ ကျမသ္မီးလေးတွေကလည်းသူတို့အဖေနဲ့ပိုတူကြတယ်။ နှစ်ယောက်စလုံးက ဆံပင်ကျစ်ကျစ်ကောက်ကောက် ညိုမည်းလေးတွေပါ။ မြန်မာသူငယ်ချင်းတွေ အမျိုးတွေမြင်တော့ သူတို့အတွက်အထူးအဆန်းဖြစ်ပြီးကြည့်ကြတယ်။ သူတို့မျက်ဝန်းတွေမှာတော့ မနှစ်သက်တဲ့အကြည့် ကျမကိုနှမြောတဲ့အကြည့်တွေကပိုထင်ရှားနေပါတယ်။ ကျမသ္မီးတွေဘယ်လိုပုံပဲဖြစ်နေပါစေ ကျမဝမ်းနဲ့လွယ်ပြီးမွေးလာရတဲ့အမေတစ်ယောက်အနေနဲ့ သ္မီးတွေဟာကျမအတွက်အလွန်ချစ်စရာကောင်းပါတယ်။ လူမျိုးရေး ဘာသာရေး ကိစ္စတွေမှာအမြင်ကျဉ်းနေသေးတဲ့မြန်မာပြည်ကိုတော့ ကျမသ္မီးတွေကိုခေါ်သွားပြီးပြန်နေဘို့မစဉ်းစားပါဘူး။ ကျမသ္မီးတွေသာမြန်မာပြည်မှာ ကျောင်းနေရမယ် မြန်မာအသိုင်းအဝိုင်းထဲမှာကြီးပြင်းရမယ်ဆိုရင် သူတို့လေးတွေဟာ အနှိမ်ခံရလွန်းလို့ခေါင်းတောင်မော့နိုင်မှာမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ လူ အချင်းချင်းခွဲခြားနေရင်
စည်းလုံးညီညွတ်မှုဆိုတာမဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီကိုလည်း ဘယ်လိုလို့ရနိုင်မှာလဲရှင်။

ကိုဇော်မိုး
ကျွန်တော်တို့ နိုင်ငံခြားထွက်လာပြီးနောက်ပိုင်းမှာ အဲဒီအခေါ်အဝေါ်တွေမရှိသလောက်နည်းသွားတယ်ဗျ။ ဒီမှာမြန်မာတွေအားလုံးဘဝတူတွေကြီးပဲ။ သူများနိုင်ငံမှာ နေရေး ထိုင်ရေး အလုပ် ဗီစာကိစ္စတွေနဲ့မနည်းလုံးပန်းရတယ်။ အိုပြီးနေရင် (overstay) ရဲရှောင်ရတာနဲ့ မြန်မာအချင်းချင်းရန်ဖြစ်လို့ဝင်ရှင်းရတာနဲ့ငွေအလိမ်ခံရတာနဲ့ခေါင်းကိုနောက်နေတာပဲဗျာ။ ကျွန်တော်တို့ကိုယ်တိုင်သူများနိုင်ငံမှာဒုက္ခအမျိုးမျိုးအပူအမျိုးမျိုးနဲ့ ရွှေမြန်မာလေ ရောက်လေရာမှာမျက်နှာငယ်တယ်ဗျ။ ငတ်နေချိန်မှာတော့ သူငယ်ချင်းကောင်းတစ်ကယ်လိုအပ်တယ်။ ကျွန်တော်တို့သူငယ်ချင်းအုပ်စုထဲမှာ ဗုဒ္ဓဘာသာ၊ မူစလင်၊ တရုတ်၊ ချင်း အကုန်ရှိတယ်။ ကျွန်တော်တို့ငတ်နေတုံး မူစလင် သူငယ်ချင်းအိမ်မှာ ပလာတာနဲ့စိတ်သားဟင်းတက်စားကြတယ်။ သူငတ်နေချိန်ကျွန်တော်တို့အိမ်မှာ ငါးဟင်း နဲ့ငပိကျော်တက်စားတာပေါ့ဗျာ။ ဒီလိုအခက်အခဲမျိုးစုံနဲ့တစ်ယောက်ကိုတစ်ယောက်ကူညီလာကြတာ မြန်မာပြည်ရောက်တော့လည်းအချင်းချင်းတွေ့ရင်သူ့နာမည်ပဲခေါ်တယ်။ ကျောင်းတုံးကခေါ်တာမျိုးတွေ အိမ်ကလူကြီးတွေခေါ်တာမျိုးတွေနဲ့ မခေါ်ချင်ပါဘူးဗျာ။ ဘဝတူသူငယ်ချင်း အချင်းချင်းစိတ်ထိအောင်မလုပ်ချင်ဘူး။ ကျွန်တော့အထင်က လူမှာအနီးကပ်နေကြည့်မှစိတ်ရင်းကိုသိရတာဗျ။ ပြီးတော့တစ်ယောက်ကိုတစ်ယောက်မှီကိုအားထားရတယ်။ ကိုယ်ကမှမပြည့်စုံတာ။ နောက်သူများနိုင်ငံမှာတစ်ကျွန်းစံဘို့ပြန်ထွက် တဲ့အခါဒီမျက်နှာတွေပဲပြန်တွေ့ရအုံးမှာ ဒီဘော်ဒါတွေနဲ့ပဲစိတ်ညစ်စရာရှိ ရင်ဖွင့်ရမှာဗျ။ ကျွန်တော်တို့ကသူများနိုင်ငံမှာကျွန်လုပ်ပြီးကိုယ့်နိုင်ငံကိုငွေပို့နေရတာ။ နိုင်ငံထဲမှာလဲ မြန်မာအချင်းချင်း ဘော်ဘော်စိတ်ဓါတ်ထားပြီးအေးချမ်းကြမယ်ဆိုရင် အဲဒိလူမျိုးရေး ဘာသာရေးပြဿနာတွေပပြောက်သွားမှာပါဗျာ။ ကျွန်တော်ကတော့ ဗုဒ္ဓတရားတော်ကမေတ္တာတရားတွေကိုတတ်နိုင်သလောက်ကျင့်သုံးတယ်။

ဒီပို့စ်ကိုဘုန်းလေးပေးပို့သော မေတ္တာတရားနှင့်အဆုံးသပ်လိုက်ပါတယ်။

ဘုန်းလေး
မေတ္တာသည် ရန်ကင်းငြိမ်း၏

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)