Showing posts with label ချစ်ကြည်ရေးတံတား. Show all posts
Showing posts with label ချစ်ကြည်ရေးတံတား. Show all posts

Saturday, March 13, 2010

ချစ်ကြည်ရေးတံတားမှ လွတ်လပ်တဲ့နိုင်ငံဆီသို့

မြန်မာပြည်ဖွားတွေဟာ တစ်နည်း (သို့) တစ်နည်းနဲ့အမျိုးတော်စပ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုမြန်မာအစစ်ရယ်လို့ အာမခံလို့မရပါဘူး။ နှစ် ၅၀၀ အထက်ကစလို့ လွန်လေပြီးသောကိုယ့်မျိုးရိုးစဉ်ဆက်ရဲ့ ရာဇဝင်ကိုလေ့လာကြည့်ရင် မိမိသည် တိုင်းတစ်ပါးသားရဲ့သွေး၊ တိုင်းရင်းသားရဲ့သွေး၊ ဘာသာခြားရဲ့သွေးတွေကတစ်ဆင့် ဆင်းသက်လာတဲ့ လူတစ်ယောက်ဖြစ်မှာမလွဲမရှောင်သာတွေ့ရပေလိမ့်မည်။

ဥပမာ သမိုင်းသုသေသီများ၏သက်သေမှာ တရုတ်လူမျိုးရဲ့အစဟာ အာဖရိက ကဖြစ်ပါတယ်။ အာဖရိကတိုက်မှ ကမ္ဘာဦးလူတွေဟာ နယ်မြေအသစ်ရှာဖွေရင်း လက်ရှိတရုတ်နိုင်ငံမှာအခြေချနေထိုင်ကြပါတယ်။ ရာသီဥတုအရ ၎င်းတို့ရဲ့အသွေး အသားအရောင်တွေဟာပြောင်းလဲခဲ့ပါတယ်။ သမိုင်းအစစ်ကိုမသိ မလေ့လာပဲ လူ လူ အချင်းချင်းအပေါ် Discrimination လုပ်တတ်တယ်လူ၊ Racism စိတ်ဓါတ်ရှိတဲ့လူတွေမှာတော့ အာဖရိကန်လူမျိုးကိုမြင်ရင် ကပ္ပလီကြီး၊ ငချိတ်ကြီး စသဖြင့်ခေါ်တတ်ကြမှာဖြစ်ပါတယ်။ တကယ်လို့ တရုတ်လူမျိုးတွေဟာ အဲဒီလိုခေါ်ပြီးလှောင်ပြောင်နေမယ်ဆိုရင် ကိုယ့်မျိုးရိုးစဉ်ဆက်ကိုစော်ကားရာကျနေပါတယ်။ မြန်မာလူမျိုးများအနေနဲ့ စူးစမ်းလေ့လာပြီး အသိနဲ့သတိရှိရန်လိုအပ်ပါတယ်။

လူမှာ ကိုယ့်ဇစ်မြစ်ကိုသိရန် လွန်စွာအရေးကြီးပါတယ်။ ထို့နောက်ဘဝမမေ့ရန်လည်းလိုအပ်ပါတယ်။ ဘဝမေ့တဲ့သူဟာ လောဘ၊ မောဟ၊ အတ္တ၊ နဲ့
'' ငါ '' ဆိုတဲ့ မာန်မာနတို့ဖုံးလွှမ်းကာ မိမိအဆင့်အတန်းကိုနှိမ့်ချရုံတင်မက တိုင်းပြည်၊ သာသနာနဲ့မိဘဆရာများရဲ့ သိက္ခါကိုပါစော်ကားရာရောက်ပါတယ်။ '' ငါ '' တည်းဟူသော မာန်မာနဟာ အမှန်တရားကိုဖုံးကွယ်လို့ ဒါငါ့ပြည်၊ ဒါငါ့မြေ၊ ဒါငါ့အမွေ ဟူ၍တစ်ကိုယ်ကောင်းစိတ်ကိုမွေးထုတ်စေပြီး ငါ မှ တစ်ပါးအခြားလူအား စာနာထောက်ထားရမှန်းမသိ တစ်နေ့ထက်တစ်နေ့ ငါ ကောင်းစားရေးအတွက်သာ အမြဲကြံစည်နေတတ်ပြီး နိုင်ထက်စီးနင်း-အပြတ်ရှင်း ဝါဒလက်စွဲနည်းကိုသုံးကာ အားနည်းသူတို့ကို ဆဲရေးတိုင်းထွာ၊ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ ဘာသာတရားတွေမထွန်းကားမှီနတ်အမျိုးမျိုးကိုးကွယ်မှုတွေရှိခဲ့ပါတယ်။ တိုင်းတစ်ပါးသားတို့သာသနာပြုခဲ့ရာမှ ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင်ထွန်းကားပြီး နောက် တစ်ဖန် တိုင်းတစ်ပါးသားတို့မှတစ်ဆင့် မူစလင်မ်၊ ခရစ်ယာန် နှင့် အခြားသောဘာသာတရားများကို မြန်မာပြည်ဖွားများလွတ်လပ်စွာ ရွေးချယ်ယုံကြည်စွာ ကိုးကွယ်နိုင်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေဟာ ဘာသာတိုင်းလို တိုင်းရင်းသားတိုင်းလိုလို ဘာသာရေး ကိုင်းရှိုင်းခဲ့ကြပါတယ်။ အလှုဒါနမှာ ရက်ရောခဲ့ပါတယ်။ အရင်အတိတ်ခေတ်က မြန်မာလူမျိုးတွေဟာ မိမိယုံကြည်ရာဘာသာတရားကို ချစ်ကြည်မြတ်နိုးကြသလို ဘာသာမတူသူတို့အပေါ်မှာလည်းကောင်းမွန်စွာဆက်ဆံရိုင်းပင်းကူညီခဲ့ကြတာ သမိုင်းသက်သေများစွာတွင်တွေ့ရှိရပါတယ်။

အခုခေတ်လူအချို့(သို့) လူတစ်စုတွေမှာတော့ အပယ်ငရဲကိုစိမ်ခေါ်လို့ ဆဲရဲ ဆိုရဲ၊ သံဃာတွေကို ကိုယ့်ထိလက်ရောက်လုပ်လိုလုပ်၊ ကိုယ့်ဘာသာ - သူတစ်ပါးဘာသာမှ သူတော်စဉ်တွေကိုပုတ်ခတ်စော်ကာ၊း နောက်ဆုံး သူတစ်ပါးဘုရားတွေပါ တက်ဆဲရဲတဲ့ သတ္တိတွေနဲ့ထွက်လာကြတဲ့ မိစ္ဆါကောင်တွေကို အွန်လိုင်းမှာ၊ အပြင်မှာတွေ့နေကြရပါတယ်။ သူတို့ရဲ့အင်မတန်မှ ယုတ်မာရိုင်း စိုင်းပက်စက်မှု တွေဟာ လူပဲဟုတ်ရဲ့လား၊ မကောင်းဆိုးဝါးကောင်တွေများလားလို့ သံသယဖြစ်မိပါတယ်။ အဲဒီလိုလူမဆန်မှုအကျင့်စရိုက်တွေဟာ ကမ်းကုန်အောင်မိုက်ရိုင်းနေပါပြီ။ ဒီလိုမိစ္ဆါကောင်တွေပေါ်ထွက်လာခြင်းအားဖြင့် အင်း ...... ကမ္ဘာမြေကြီးအက်ကွဲခါနီးလေ အမိုက်သားတို့ပေါ်ထွက်လာလေပဲလား ?????? လို့တောင်ထင်မှတ်မိပါတယ်။ သင်္ခါရတရားကိုငြင်းပယ်လို့မရပါဘူး။ အစရှိရင် အဆုံးဆိုတာရှိစမြဲပါပဲ။

လက်ပိုက်ကြည့်နေလို့လည်း ဘာအကျိုးမှမရှိ တစ်နေ့ထက်တစ်နဲ့ ညစ်ပတ်မှုတွေသာတိုးလာတယ်။ အဲတော့ သန့်စင်တဲ့ မြန်မာ့ လူ့ဘောင်အသိုင်းအဝိုင်းဖြစ်လာအောင်တစ်ဘက်တစ်လမ်းက ကျိုးစားဆောင်ရွက်ရတော့မယ်။ သူများကို မှန်ကန်တဲ့နည်းလမ်းပြနိုင်ရန် ကိုယ့်ကိုယ်ကို မှန်ကန်အောင်အရင်လုပ်ရမယ်။ ဒီအတွက် ပတ်ဝန်းကျင်ကကျွေးခဲ့တဲ့အညစ်အကြေး တွေမကျန်အောင် ကိုယ်တိုင် ရင်ကိုခွဲလို့ဆေးကျောမယ်။
မိမိလိုရာ အေးချမ်းသာယာတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်လာစေချင်ရင်တော့ မေတ္တာစစ်နဲ့စည်းလုံးတတ်ရပါမယ်။ လူလူချင်းတန်ဖိုးထားပြီး တိုင်းရင်းသားနဲ့ ဘာသာခြားတွေကို ကိုယ်တိုင်မနှိမ်မိစေရအောင် မိမိနှုတ်ကိုထိန်းသိမ်းပြီး ကုလား ကုလား၊ တရုတ် xxxx, ကရင် xxxx စသည်ဖြင့် မခေါ်ပဲ ၎င်းတို့နာမည်ကိုသာ ခေါ်ပြီးမြန်မာပြည်ဖွားချင်း ချစ်ကြည်ရေးတံတားခင်းရပါမယ်။ Respect in humanity.
(ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်မှ သူများကိုလည်းပြောင်းလဲနိုင်မယ် လို့ လူကြီးသူမတွေရဲ့ ဆုံးမစကားလည်းရှိပါတယ်။ )


လူတိုင်းက အနှိမ်ခံရတာဘယ်သူမှ မကြိုက်ပါဘူး။ ဥပမာ ထိုင်းက မြန်မာလူမျိုးတွေကို ဖားမားလို့ခေါ်ပြီး နှာခေါင်းရှုံ့တာမြင်ရင် မြန်မာတစ်ယောက်အနေနဲ့ အနေအထိုင်ကြပ်ပါတယ်။ သူတစ်ပါးကိုနှိမ်နေသရွေ့ကာလပတ်လုံး စည်းလုံးညီညွတ်မှုဆိုတာလည်းမဖြစ်လာပါဘူး။ ကိုယ်နဲ့ဝေးသထက်သာဝေးသွားမှာပါ။ ဒီနေ့တရုတ် နိုင်ငံနဲ့ အန္ဒိယနိုင်ငံကိုယှဉ်ကြည့်လိုက်ရင် တရုတ်လူမျိုးတွေဟာ လူတန်းစားမခွဲခြားပဲ ပူးပေါင်းလုပ်ကိုင်ကြိုးစားကြလို့ တိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာပါပြီ။ နိုင်ငံတိုင်းမှာ တရုတ်ပစ္စည်များကို အနည်းနဲ့အများအားကိုးနေရပါပြီ။ အန္ဒိယနိုင်ငံမှာ ဇာတ်မြင့် ဇာတ်နိမ့်အယူဝါဒများရှိနေဆဲမို့ တစ်နိုင်ငံတည်းမွေးသော်လည်း ဇာတ်မတူသူ နဲ့စကားပြောဆိုဆက်ဆံမှုမပြုတာမျိုးရှိပါတယ်။ စည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန်လည်းအလွန်ခက်ခဲလှပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ဟောကြားခဲ့သော မှတ်သားဖွယ်ရာကိုလည်း
သတိရစေရန်တင်ပြလိုက်ပါတယ်။

(တိုင်းပြည်မှာ ဖက်ဆစ်ဝါဒလုံးဝမရှိအောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊
လူမျိုးအချင်းချင်း မုန်းတီးရေး ၀ါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့
စစ်အာဏာရှင်စနစ် အထက်ကသာ ဆုံးဖြတ်ပြီး
တိုင်းသူပြည်သားဆန္ဒအတိုင်းမဟုတ်တဲ့ မင်းစိတ်ပေါက်တဲ့ အရာရှိတွေ
ခြယ်လှယ်တဲ့စနစ်ဆိုးမျိုး ရှိနေရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးကို
မရနိုင်တော့ဘူး။ ဒါကြောင့် ကျုပ်တို့ ဒီမိုကရေစီ ၀ါဒကိုသာ ထောက်ခံရမယ်၊
ဒီဝါဒကို ကျင့်သုံးပြီး လွတ်လပ်တဲ့နိုင်ငံကို ထူထောင်နိုင်အောင် ကြိုးစားရမယ်၊
ဒီမိုကရေစီဝါဒကသာ ငြိမ်းချမ်းရေးကို
အားပေးတယ်)

** ၁၉၄၅ ခုနှစ် သြဂုတ်လ၌ကျင်းပသော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ
အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်း **

လူရဲ့မျက်လုံးဟာ နှလုံးသားရဲ့တံခါးပေါက်ပါ။ လူတစ်ယောက်ကို ရင်ထဲကမေတ္တာနဲ့ကြည့်လိုက်ရင် ကိုယ့်မျက်လုံးကိုမြင်ယုံနဲ့ထိုလူဟာမေတ္တာဓါတ်ကိုခံစားရပါလိမ့် မယ်။ မေတ္တာစစ်ပေးရင် မေတ္တာစစ် တုံ့ပြန်မှုရမယ်။ (Built Trust, Respect and Unity) ညီညွတ်ခြင်းဟာ သာယာဝပြောတဲ့နိုင်ငံတော်သစ်ဖြစ်လာမယ်။

ဒီနေ့ ဒါဏ်ရာဒါဏ်ချက်များစွာနဲ့ ယိုယွင်းပျက်စီးနေတဲ့နိုင်ငံတော်ကို မြန်မာပြည်ဖွားတွေ ဝိုင်းဝန်းဆေးကုပေးရန်လိုအပ်နေပြီ။