Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, July 19, 2011

အဘိုးတို့ေ​ရ…အဘိုးတို့ရ​ယူပေးခဲ့တဲ့ လွပ်လပ်ရေး​ကြီး

အဘိုးတို့ရေ….
အဘိုးတို့ရယူပေးခဲ့တဲ့ လွပ်လပ်ရေးကြီး
အသီးတွေသီး.. အပွင့်တွေ ပွင့်လို့…
အဘိုးတို့ချစ်တဲ့ ပြည်သူပြည်သားတွေကလည်း
သီးလို့… ပွင့်လို့
တစ်ယောက်ကို တစ်ယောက် ပြန်လည် ခူးဆွတ်စားသောက်လို့။

အဘိုးတို့ရေ….
လွပ်လပ်ရေး အကိုင်းအခက်တွေက သီးကြ ပွင့်ကြပေမယ့်
စည်းလုံးမှုမဏ္ဍိုင်ကြီးကတော့ သစ်ခြောက်ပင်ကြီးလိုပါပဲ
အဘိုးတို့က ပြည်သူတွေကိုချစ်တယ်
ပြည်သူအများစုကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်ကြတယ် အဘိုးတို့ရဲ့
ပြီးတော့
ကျနော်တို့တတွေ အချင်းချင်းလည်း မတည့်ကြပေဘူး။

အဘိုးတို့မွေးခဲ့တဲ့ မျောက်တွေ
အခု
ကျနော်တို့ကို ပြန်ခြောက်နေတယ်။
ခြောက်လုံး လှန့်လုံး မက်လုံးတွေကြားမှာ
ပြည်သူတွေလည်း ဟောတစ်ယောက် ဟောတစ်ယောက်
မျောက်… မျောက်… မျောက်တွေ ဖြစ်သွားကြကုန်ပါရောလား။

အဘိုးတို့အကြောင်း စာမျက်နှာတွေ
ကလေးလေးတွေရဲ့ ကျောင်းစာအုပ်ထဲကနေ
တစ်ရွက်ပြီး တစ်ရွက် ပျောက်ကွယ်စပြုနေပြီလေ
အဘိုးတို့နာမည်ကို
“အဲဒါ.. ဘယ်သူတွေလဲဟင်”လို့ ပြန်မေးကြတဲ့ကလေးလေးတွေ
ရှိနေပြီ အဘိုးတို့ရေ….။

အဘိုးတို့ဟာ
ုမြန်မာပြည်သူတွေ ဘယ်တော့မှမမေ့ကြရမယ့်
ထာဝရအာဇာနည်တွေဖြစ်တယ်ဆိုတာ
ခေတ်အဆက်ဆက် ကျနော်တို့ပါးစပ်ဖျားမှာ
ရေပန်းစားနေကြရမယ်မဟုတ်လား
အဘိုးတို့ရဲ့ သမိုင်းရုပ်ပုံလွှာကို ဖျောက်ဖျက်ဖို့ကြိုးစားသူဟာ
တမျိုးသားလုံးကို စော်ကားဖို့ကြိုးစားလိုက်တာပဲ
ကျနော်တို့ ကာကွယ်ကြရလိမ့်မယ်။

ဒီလိုနဲ့ပဲ….
ကျနော်တို့တတွေ
ခေတ်တစ်ခေတ်ပြီး တစ်ခေတ်
စနစ် တစ်ခုပြီးတစ်ခုကြား
မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်
အရေထူထူ အကြောမာမာ
အသားကျနေကြရပါပြီ။

တစ်ခါတလေတော့လည်း
ကျနော်တို့တွေ သိပ်သတိရတာပဲ အဘိုးတို့ရေ…..
အဘိုးတို့သာ ရှိနေခဲ့ရင်လေ
အဘိုးတို့ရဲ့ ဆိုဆုံးမမှုအောက်မှာ
ကျနော်တို့ပြည်သူတွေဟာ
လိမ်လိမ်မာမာ ညီညီညာညာနဲ့
ကောင်းမွန်တဲ့ လူ့ဘောင်တစ်ခေတ်ကို ထူထောင်နေကြမှာပဲနော်။

အခုတော့
ကျနော်တို့ခမျာလေ…..
ဟိုမျောက်ကြောက်ရ.. ဒီမျောက်လန့်ရ
ဟိုဖားဒီဖား ဟိုပုန်းဒီလျှိုးနဲ့
မဟာမျိုးကနေ မသာမျိုးတွေမဖြစ်ဖို့အရေး
ကိုယ့်အသက်ကလေးကိုယ် ဖက်နဲ့ထုပ်
မြန်မာနိုင်ငံတော်ထဲ ခပ်ကုပ်ကုပ်ပဲ ချီတက်နေကြရရှာတယ်
ကိုယ့်ကိုယ်ကိုယ်မှ မသနားရင် ဘယ်သူ့ကိုဘယ်သူမှ သနားမှာမဟုတ်ဘူးအဘိုးတို့ရေ
ကျနော်တို့ရောက်နေတာ အဘိုးတို့မမြင်ဖူးတဲ့ ခေတ်ဆိုးလေ။

ကျနော်တို့ လျှောက်နေတာ ခေတ်ဆိုးလမ်းမ
ကျနော်တို့ ဖြတ်နေတာ ခေတ်ဆိုးတံတား
ကျနော်တို့ စားနေတာ ခေတ်ဆိုးထမင်း
ကျနော်တို့ သောက်နေတာ ခေတ်ဆိုးရေပုပ်
ကျနော်တို့ ရှုနေတာ ခေတ်ဆိုးလေညစ်
ကျနော်တို့ လုပ်နေတာ ခေတ်ဆိုးအလုပ်
ကျနော်တို့ တွေးနေတာ ခေတ်ဆိုးအတွေး
အဘိုးတို့ မြေးလေးတွေ ခေတ်သစ်နဲ့ ဝေးနေတာ ကြာပြီကော။

နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရဲ့
နံနက်ခင်းတွေမှာ
မိုးကလေးတွေ တဖြောက်ဖြောက် တဖွဲဖွဲ ရွာနေဆဲပါ
တံပိုးခရာသံတွေကြားရတိုင်း
အဘိုးတို့ရုပ်ခန္ဓာ လဲလျောင်းငြိမ်သက်နေရာ
အာဇာနည်ကုန်းတော်ထက်ဆီ မျှော်မှန်းကာ….

““ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ….. ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား… အလေး…………………..ပြု””

ကျနော်တို့မျက်ဝန်းထဲမှာ
မျက်ရည်မိုးတွေ တဖြောက်ဖြောက်ရွာ
ယူကြုံးမရ တမ်းတမှုတွေ တဖွဲဖွဲပါ။

ကောင်းရာသုဂတိ လားကြပါစေ

အဘိုးတို့ရေ…..
ကျနော်တို့ကတော့
အဘိုးတို့မရှိတဲ့ ဘ၀ဆိုးကြီးမှာ
အဖမဲ့သား ရေနည်းငါးလေးတွေပမာ
မျောက်တံငါတွေကြား….. အားငယ်စွာ
ရှင် သန်
ရုန်း ကန်
နေ ကြ ပေ တော့ တာ။

ဥက္ကာကိုကို
၁၈.၇.၂၀၁၁
(၆၄နှစ်မြောက် အာဇာနည်နေ့…သို့)

အာဇာနည် ၉ ဦးဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်း၊ သခင်မြ ၊ ဦးဘဝင်း ၊ မန်းဘခိုင် ၊ ဦးရာဇတ် ၊ စဝ်စံထွန်း ၊
ဒီးဒုတ်ဦးဘချို ၊ ဦးအုန်းမောင် ၊ ရဲဘော်ကိုထွေးတို့ အား
ကျွန်တော်တို့အားလုံး "သေသောသူကြာလျှင်မမေ့နိုင်ကြပါစေ" ဟု
တောင်းဆုပြုရင်း ယခု ပို့စ်လေးမှ ဦးညွှတ်အလေးပြု လိုက်ပါသည်။

Sunday, October 24, 2010

လွတ်လပ်သောသူအဖြစ် စံမြန်းနိုင်ပါစေ

အိမ်တစ်လုံး အသက်ပေး၍ရခဲ့တယ်
အဲဒီအိမ် ခေါင်မိုးကလှန် နံရန်ပေါက်ပြဲ
အောက်ခြေမခိုင် တိုင်တွေယိုင်
ကမ္ဘာ့ရွာအလယ် မျက်နှာငယ်
အကျီးတန်လေပြီ။

ထိုအိမ်အကြောင်း
အသက်ပေးခဲ့တဲ့ သူတွေ
သိများသိသွားရင်ဖြင့်
ပေးဆပ်သူတွေရဲ့ အမှားလား
ဆက်ခံသူတွေမိုက်လို့လား
ကြမ္မာကံအပြစ်လား။

ကျနော်ကတော့ ဥာဏ်မမှီလို့ မသိဘူး
ရာဇဝင်ရိုင်းတာတော့ အမှန်ဘဲ

ကြာပြီဆိုတော့
မေ့တဲ့သူတွေလည်းမေ့လောက်ပြီ
မေ့ဘို့ကြိုးစားတဲ့သူတွေလည်းရှိလာပြီ
မွေးခဲ့တဲ့ မြောက်တွေလည်းမျိုးရိုးပျက်လာပြီ

ကျေးဇူးသိတတ်တဲ့ သူတချို့
မျောက်တွေရဲ့အန္တရယ်ကိုမမှု
ကျေးဇူးတင်လို့ လေးစားစွာ သတိရနေတုန်း ....။

ကောင်းရာဘုံဘဝမှာ လွတ်လပ်သောသူအဖြစ်
စံမြန်းနိုင်ပါစေ။

Reference : google

Friday, October 8, 2010

ဒုက္ခသည် မာနမင်းသား


တရုတ်ကဖိ ရှမ်းကအိ
ရှိတဲ့ဗမာ အနောက်မှာ

ငါ့ညီနောင်များ

ဒီမိုကရေစီတောင်းဆို၏
ဒီမို အနစ်သာရကိုမသိ

လူ့အခွင့်အရေးတောင်းဆို၏
လူမျိုးခြားကို အလိုမရှိ

ဘာသာတရား ကိုင်းရှိုင်း၏
လက်တွေ့မှာ တကယ်မကျင့်

မွန်မြတ်သော စိတ်စေတနာ
ယဉ်ကျေးမှု ပြတိုက်မှာ

တရားမျှတပါတဲ့ မီဒီယာ
မိမိအလိုသာ ရွေးချယ်တာ

ငတ်နေ ပြတ်နေတာ တို့ဗမာ
မာနမင်းသားက မလျှော့ပါ

ပညာဗဟုသုတ ချို့တည့်ကာ
ကောလဟာလ ယုံလွယ်တာ

ဘယ်အရပ်နေနေ ခိုက်ရန်များ
အဲဒါ ဘီရူမား။
................

(ရောင်ခြည်ဦး)



Saturday, May 29, 2010

ကန့်လန့်ကာဖွင့်ကြည့်


ငါ့အစင်း ငါ့အချင်းသာ
အကောင်းဆုံးရယ်လို့
ပီတိတွေဖြာ
အရောင်မတူရင် ငါမလှည့်
ညို မည်းကိုငါမကြိုက်
ငါ့မာနက မိုးပေါ်မှာ
တစ်ဖြေးဖြေး ငါ့ခန္ဓာ
ကန့်လန့်ကာအဖွင့်မှာတော့
အို ဒီတစ်ရောင်တည်းပေမို့
အပြင်အဖြူ အမည်းတွေက
အခွန်နွှာပါကလားရယ်ပေါ့
ညစ်ပေနေတဲ့ ငါ့နှလုံးသားကိုလ
နောင်တ တရားတွေနဲ့
ဖွတ်လျှော် ဆေးကြောကာ
တိုးတက်လာသည့်
သက္ကရာဇ်တွေနဲ့
ဖြောင့်မတ် မှန်ကန်သော
လမ်းကိုလျှောက်ရင်း
အသိ ပညာ အလိမ္မာ
ရနံ့တွေနဲ့သင်းပျံ့စေခဲ့။

(ရောင်ခြည်ဦး)

ကျမတို့လူသေ (သို့) လူနာတွေကိုခွဲစိတ်ရတဲ့အခါ လူရဲ့အခွံနဲ့တူတဲ့အပြင်အသားအရောင်ပေါ်ကစခွဲပြီး တစ်ဖြေးဖြေးအတွင်းအသားထဲထိခွဲရပါတယ်။ အထဲမှာအရေးကြီးတဲ့ လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ အစာအိမ်၊ အရိုး စသည်ဖြင့်တို့ဟာ လူမျိုးတိုင်းမှာအရောင်တူကြပါတယ်။ ဒီနေရာမှာကျမ high light ပေးချင်တာက အပြင်အသားအရောင်ဆိုတာ လူတွေရဲ့အခွံတစ်ခုပါ။ အဓိကအချက်ကတော့ စိတ်နှလုံးပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူ အချင်းချင်းခွဲခြားနေရင် စည်းလုံးညီညွတ်မှုဆိုတာမဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီကိုလည်း ဘယ်လိုလို့ရနိုင်မှာလဲရှင်။


(ဒေါက်တာယဉ်ယဉ်)

Sunday, April 4, 2010

မတူညီတဲ့ ကိုးကွယ်မှု


သူတို့ခံယူတာ ဗုဒ္ဓဘာသာ
ကိုးကွယ်တာ အာဏာ
ကျင့်သုံးတာ လူသတ်တာ
သတ်ပြီးဖြတ်ပြီး ဘုရားတည်တာ
နအဖ ခေါင်းဆောင်ပါ။

သူတို့ခံယူတာ ဗုဒ္ဓဘာသာ
ကိုးကွယ်တာ ဒေါ်လာ
ကျင့်သုံးတာ လူမျိုးဘာသာရန်တိုက်တာ
ကပ်ဖား ရပ်ဖားအထက်ကိုလုပ်တတ်တာ
ပညာတော်သင် ကျောင်းသားပါ။

သူတို့ခံယူတာ ဗုဒ္ဓဘာသာ
ကိုးကွယ်တာ ရတနာသုံးပါး
ကျင့်သုံးတာ ဒီမိုကရေစီ
နှစ်ရှည်လများ အကျင်းထောင်ရောက်နေတာ
လူ့အခွင့်အရေး တောင်းဆိုသူများသာ။