Showing posts with label ဗိုလ်ချုပ်အောင်ဆန်း. Show all posts
Showing posts with label ဗိုလ်ချုပ်အောင်ဆန်း. Show all posts

Thursday, September 9, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ် ဆက်လက်ရှင်သန်ရေး

လုပ်ငန်းတစ်ခုကို တိုးတက်အောင်မြင်ရန် ဆိုသည်မှာလွယ်ကူသောအရာမဟုတ်ပါ။ မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း၊ ကား၊ အိမ်ယာစီမံကိန်းတို့ ရောင်းချနိုင်ရန် ဖောက်သည်ရှာရပါသည်။ ထို့နောက်မိမိ၏ဖောက်သည်ကို မိမိကုမ္ပဏီ၏ Regular customers ဖြစ်ရန်အမြဲလို ဆက်သွယ်ထားရမည်။

ဖောက်သည်နှင့်သဘောထားမကွဲလွဲရန် ကုမ္ပဏီ အတွက်လွန်စွာအရေးကြီးပါသည်။ ဖောက်သည်နှင့် သဘောထားကွဲလွဲပါက ကုမ္ပဏီ အတွက်ဆုံးရှုံးနစ်နာမှုများဖြစ်
ပေါ်စေမည်မှာ မလွဲမရှောင်သာပေ။ သည်အတွက် ကုမ္ပဏီ Management ပိုင်းဆိုင်ရာကမိမိ ကုမ္ပဏီ နာမည်ကောင်းရှိရန်၊ ထုတ်ကုန်များ Quality ကောင်းစေရန်၊ အလုပ်သမားများစာရိတ္တကောင်းမွန်စေရန်၊ ဖောက်သည် အပေါ်ဆက်ဆံရေးကောင်းမွန်စေရန် အားမာန်စိုက်ကြိုးစားကြရလေသည်။

ကုမ္ပဏီ ဖောက်သည်နှင့်တိုက်ရိုက်ဆက်ဆံရသော Sales and Marketing ဌာနမှဝန်ထမ်းများမှာ အခြား ဌာနများမှ ဝန်ထမ်းများထက် ပိုဂရုစိုက်ကြိုးစားရလေသည်။
ကုမ္ပဏီ Management မှချမှတ်ထားသော Sales target မှီရန် အရောင်းမကျရန်၊ Market ကိုအမြဲ update လုပ်နေရန်အတွက် Sales ဝန်ထမ်းများမှာ နားချိန်ပင်သိပ်မရှိကြချေ။

ဝန်ထမ်းတစ်ယောက်၏ မိမိ၏အလုပ်အောင်မြင်ရန်၊ စီးပွါးရေးရှင်မှ မိမိ၏ ကုမ္ပဏီစီးပွါးရေးအောင်မြင်ရန် ဤကဲ့သို့ တွန်းအားနှင့် အားသွန်ခွန်စိုက်ကြိုးစားနေရလျှင် နိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေးရရန် လွတ်လပ်ရေးရရန်၊ တိုင်းပြည်တိုးတက်အောင်မြင်စေရန် ကြိုးစားရသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာပို၍ပင်မလွယ်ကူလှပေ။

မြန်မာနိုင်ငံအတွက်အသက်ပေးခဲ့ရသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်ရေးကိုပြန်လည်သတိရမိလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ကျူးကျော်ဝင်ရောက်သိမ်းပိုက်သော နယ်ချဲ့တို့အားပြန်လည်တိုက်ထုတ်နိုင်ရန် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လူထုစည်းလုံးမှုဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျွန်ဘဝမှကယ်တင်နိုင်ခဲ့လေသည်။
.


မိမိကိုယ်ကျိုးကိုစွန့်ပြီး မြန်မာပြည်သူတစ်ရပ်လုံးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရ
သော ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကိုမျှမထောက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်မှာ မြန်မာပြည်သူတစ်ရပ်လုံးအတွက် ယနေ့ထက်ထိတိုင် လွန်စွာ ရင်နာစရာဖြစ်ခဲ့ရ၏။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်တက်လာကြသော စစ်ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့အရည်အချင်း၊ စိတ်ဓါတ်ပြည့်ဝမှု မရှိကြသေးပေ။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးမှ မိန့်ခွန်းတစ်ရပ်မှာ

လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး (ကုလားဟူ၍၊ တရုတ်ဟူ၍၊ တိုင်းရင်းသားဟူ၍မနှိမ်နေဘဲ) တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးတဲ့ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွါးအောင်ဆောင်ရွက်တဲ့လူမျိုးရေး တရားမျိုးသာဖြစ်ရမယ်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် လူသတ္တဝါအပေါင်းတို့ကိုမေတ္တာတရားထားရှိရန် ဟောကြားတော်မှုခဲ့လေသည်။

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ်၌
မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ
မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊
သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော
အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တာသုတ် .. ၄၄၃။)

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည်တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဤသည်မြန်မာလူမျိုးတိုင်း ဘာသာတိုင်းအတွက် ကောင်းသောစံနမူနာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့နှလုံးရည်လှသော သူဖြစ်ရန် မြန်မာပြည်ဖွားတိုင်းကျင့်သုံးကြရန်လိုအပ်ပါသည်။

ယခုအခါဝယ် မြန်မာလူမျိုးများမှာ အစိတ်စိတ်အမွှာမွှာသွေးကွဲ၍နေကြလေသည်။ သဘောမတူသော လူနှင့်ကျောခိုင်း၍နေ၍ မိမိအသိုက်နှင့် ကိုယ်စီနေလျှက်ရှိကြသည်။ ဤသည်အဖွဲ့အစည်းများ၊ ဘာသာရေးများ၊ နိုင်ငံရေးများတွင်ထင်ရှားစွာဖြစ်ပေါ်နေသော ဖြစ်ရပ်ဖြစ်ပေသည်။ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စည်းလုံးညီညွတ်မှုကို စံနမူနာ လုပ်ပြသွားသော ဗိုလ်ချုပ်အောင်ဆန်း၏ စတေးခံခဲ့ရသောအသက်ပင် လွန်စွာနှမြောစရာကောင်းလှသည်။

မြန်မာလူမျိုးတို့၏ မူရင်းစိတ်ရင်းမှာ လွန်စွာမွန်မြတ်၏။ ရတနာသုံးပါးကိုဦးထိပ်ထားကိုး
ကွယ်ကြသည်။ မွန်မြတ်သောသူများမှာ အတုအယောင် အာဏာနှင့် လူသတ်လက်နက်ကိုကြောက်နေရ၍ မည်သို့မှမလှုပ်ရဲကြပေ။ မျိုးဆက်သစ်များမှာလည်း မျက်စိပိတ်၊ ပါးစပ်ပိတ်၊ နားပိတ်ခံနေရ၍ လူ့တန်ဖိုးကျဆင်းခဲ့ရသည်။ သို့သော်မည်သူမဆို ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးညီညွတ်မှု လမ်းစဉ်ကိုလိုက်နာရန် မခဲယဉ်းပေ။

ထို့ကြောင့်မြန်မာအချင်းချင်းကျောခိုင်းမနေဘဲ တိုင်းရင်းသားမတူသော်လည်း၊ ဘာသာမတူသော်လည်း မျက်နှာချင်းဆုံပြီးပြောဆိုယိုင်းပင်းကူညီရမည်။ သို့မှသာလျှင် မြန်မာပြည်သားအချင်းချင်း ဗိုလ်ချုပ်အောင်ဆန်း၏ ခေတ်ကာလကကဲ့သို့ ချစ်ခင်လေးစားလာကြမည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံနေထိုင်ကြပါသည်။ ဘာသာတိုင်းတွင်ကျရောက်သော ပွဲသဘင်များတွင် မြန်မာပြည်သူများ တစ်ဦးအကျိုးတစ်ဦးရှိကြပေသည်။

ဥပမာ ဗုဒ္ဓဘာသာဝင်များ၏ မင်္ဂလာအတာသင်္ကြန်ပွဲမှာ ဘာသာခြားများဝင်ရောက်ရေကစား ကြသလို ခရစ်မတ် နှင့် ဗာလင်တိုင် ပွဲတော်မှာလည်းမြန်မာလူငယ်တို့ ပျော်ရွှင်ကြရပါသည်။ မူစလင် အီးဒ်ပွဲတော်များတွင် မုန့်ပဲသရေစာများ မြန်မာတို့လက်ဆောင်ရရှိကြသည်။ ထို့အတူ ဟင်ဒူ ဒေဝါလီ ပွဲ နှင့်တရုတ် နှစ်သစ်ကူးများတွင်လည်း မုန့်နှင့် အန်ပေါင်များကို ဘာသာမတူပေမဲ့လည်း လက်ဆောင်ပေးကြလေသည်။ ဤသည်တစ်ဦးအပေါ်တစ်ဦး၏ မေတ္တာထားခြင်းပင်ဖြစ်သည်။ မိမိ၏အပြုံးတစ်ပွင့် စကားတစ်ခွန်းသည် စည်းလုံးညီညွတ်မှုကို ဆောင်ယူနိုင်၏။

ထို့ကြောင့် မြန်မာအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် မြန်မာတစ်မျိုးသားလုံးတိုးတက်စေဘို့ စည်းလုံးညီညွတ်ရန်ဟူသော စီမံကိန်းတစ်ခုတည်ဆောက်ရပေမည်။ ဘာသာတိုင်းတွင် ကျရောက်လာမည့် နေ့ကြီးရက်ကြီးများတွင် နှုတ်ခွန်းဆက်သခြင်း၊ ပို့စကတ်ပို့ပေးခြင်း၊ ၎င်းတို့ဘလော့ဂ်၌မိတ်ဖွဲ့ နှုတ်ဆက်ခြင်း၊ မိမိ၏ ဘလော့ဂ်များ၊ ဝဘ်ဆိုက်များတွင် ပို့စကတ်တင်ပေးခြင်း၊ အီမေးလ်များနှင့် နှုတ်ခွန်းဆက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး စိမ်းကားနေရာမှ၊ ရင်းနှီးမှုဘက်သို့ ပြောင်းလာပေမည်။
ဤသို့ပြုလုပ်ခြင်းဖြင့် ဘာသာခြား နှင့် တိုင်းရင်းသားများကို တစ်နည်း စည်းလုံးညီညွတ်မှု စီမံကိန်းသို့ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။

ဤစီမံကိန်းအစတွင် မူစလင်တို့၏ အီးဒ်ပွဲတော်နှင့်ကြုံသဖြင့်
" အီးဒ်မူဘာရက်ပါသူငယ်ချင်း " ဟု နှုတ်ခွန်းဆက်လိုက်ပါသည်။

တိုင်းရင်းသားများနှင့် ဘာသာတိုင်းမှ သူငယ်ချင်းများလည်း သံသယကင်းစွာနှင့် မြန်မာတို့နှင့် စည်းလုံးညီညွတ်ကြရန် တိုက်တွန်းအပ်ပါသည်။ ယခင်ဖြစ်ပွါးခဲ့သောပဋိပက္ခများကိုမေ့ပြစ်လိုက်ပြီး အသစ်ကပြန်စကြပါစို့လို့အကြံပြု ၍ကောင်းသောဖက်သို့ဖိတ်ခေါ်လိုက်ပါသည်။

-
သင်ဟာ ဗုဒ္ဓဘာသာဘဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘဲဖြစ်ဖြစ်၊ တရုတ်ဘဲဖြစ်ဖြစ်၊ မူဆလင် - ဟင်ဒူ - ပန်ချာပီ ဘဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားဘဲဖြစ်ဖြစ်၊ အသားအရေဘယ်လောက်ဘဲ ဖြူနေပါစေ၊ ဘယ်လောက်ဘဲ မည်းနေပါစေ သင်ဟာကျွန်ုပ်နှင့် တစ်မြေတည်းမွေး ညီနောင် မောင်နှမတွေဘဲဖြစ်တယ်။

(ရောင်ခြည်ဦး)

ဒီဆောင်းပါးကို သူရိယ စာမျက်နှာမှာ http://www.thuriya.org/lu%20ngal/index.htm လည်းတင်ထားပါတယ်။

* အောက်ပါနမူနာ ပို့စ်ကတ်များကို မည်သူမဆို ယူသုံးနိုင်ပါသည်။
* မည်သူမဆို ဤဘလော့ခ်မှ ပို့စ်များကိုကူးယူ၍ (ဤဘလော့ခ်လင့်ခ်နှင့်) အတူ ထပ်ဆင့်ဖော်ပြနိုင်ပါသည်။


Friday, August 27, 2010

သခင်အောင်ဆန်းတရား

Saturday, May 15, 2010

ကိုယ်ကျင့်တရားနှင့်အမှန်တရား


လူမှာအရေးကြီးဆုံး နှစ်ခုပဲရှိတယ်။ အဲဒါကကိုယ်ကျင့်တရားရယ် အမှန်တရားကိုမြတ်နိုးမှု (love of truth) ရယ် ဒါဘဲဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း



'' ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းရဲ့ စစ်အာဏာရှင် စကား ''

ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ စည်ပင်သာယာဝန်ထမ်းတွေကို ပြောခဲ့တဲ့မိုက်ရိုင်းသောစကားဖြစ်တဲ့ - `ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိကြလား´(မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊သားသမီးဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´(မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´(၄င်းမှ အမျိုးသမီးဝန်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကိုအမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ်တစ်ခုထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်ကလူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လိုအရေးယူမလဲဆိုတာတွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲထည့်ကို ထည့်ရမယ်။´´ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းရဲ့  ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သောစစ်အာဏာရှင် စကားပင် ဖြစ်ပါတယ်။

'' လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏စကား ''

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စား ဖား သမားတွေညီညွတ်တာ ကျနော်မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး အဲဒီညီညွတ်ရေး နှစ်ခုစလုံး မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း '' ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ် ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲ '' လို့ ကျနော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့မပျက်ပြားပါစေနဲ့၊ ဘယ်သူကဘာလုပ်လုပ် မပျက်ပါစေနဲ့ အဲဒါအင်မတန်အရေးကြီးဖြစ်ပါတယ်။

ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ဟာတွေဘဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ - ဗမာချင်း ချဘို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေလုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေးမဖြစ်နိုင်ဘူး။

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခု ဇွန်လိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမကြီးတွင်
ကျင်းပသော ပြည်သူအစည်းအဝေးကြီး။

ကျနော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ခေါင်းဆာင်မှုဟာ လူတစ်ဦးထဲကခေါင်းဆောင်မှုမျိုးမဟုတ်ဘဲနှင့် အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ခေါင်ဆောင်မှုမျိုးဖြစ်ရမယ်။

လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး (ကုလားဟူ၍၊ တရုတ်ဟူ၍၊ တိုင်းရင်းသားဟူ၍မနှိမ်နေဘဲ) တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးတဲ့ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွါးအောင်ဆောင်ရွက်တဲ့လူမျိုးရေး တရားမျိုးသာဖြစ်ရမယ်။

ဂျပန်ပြည်မှာလို စစ်ဘက်ကလက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကိုတိုင်းပြည်လွှတ်တော်ကအုပ်စိုးနိုင်ခွင့်ရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး။

သင်ဟာ ဗုဒ္ဓဘာသာဘဲဖြစ်ဖြစ်၊ တရုတ်ဘဲဖြစ်ဖြစ်၊ မူဆလင် - ဟင်ဒူ - ပန်ချာပီ ဘဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားဘဲဖြစ်ဖြစ်၊ အသားအရေဘယ်လောက်ဘဲ ဖြူနေပါစေ၊ ဘယ်လောက်ဘဲ မည်းနေပါစေ သင်ဟာကျွန်ုပ်နှင့် တစ်မြေတည်းမွေး ညီနောင် မောင်နှမတွေဘဲဖြစ်တယ်။

မြန်မာပြည်ဖွားများကျခဲ့တဲ့မျက်ရည်စက်တွေဟာလည်းမနည်းတော့ဘူး။ ဗိုလ်ချုပ်ဩဝါဒတွေထဲကစာနာမှုတရားများနှင့် သင်တို့၏မျက်ရည်စက်များခမ်းခြောက်နိုင်ပါစေ။

(ရောင်ခြည်ဦး)