Thursday, September 9, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ် ဆက်လက်ရှင်သန်ရေး

လုပ်ငန်းတစ်ခုကို တိုးတက်အောင်မြင်ရန် ဆိုသည်မှာလွယ်ကူသောအရာမဟုတ်ပါ။ မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း၊ ကား၊ အိမ်ယာစီမံကိန်းတို့ ရောင်းချနိုင်ရန် ဖောက်သည်ရှာရပါသည်။ ထို့နောက်မိမိ၏ဖောက်သည်ကို မိမိကုမ္ပဏီ၏ Regular customers ဖြစ်ရန်အမြဲလို ဆက်သွယ်ထားရမည်။

ဖောက်သည်နှင့်သဘောထားမကွဲလွဲရန် ကုမ္ပဏီ အတွက်လွန်စွာအရေးကြီးပါသည်။ ဖောက်သည်နှင့် သဘောထားကွဲလွဲပါက ကုမ္ပဏီ အတွက်ဆုံးရှုံးနစ်နာမှုများဖြစ်
ပေါ်စေမည်မှာ မလွဲမရှောင်သာပေ။ သည်အတွက် ကုမ္ပဏီ Management ပိုင်းဆိုင်ရာကမိမိ ကုမ္ပဏီ နာမည်ကောင်းရှိရန်၊ ထုတ်ကုန်များ Quality ကောင်းစေရန်၊ အလုပ်သမားများစာရိတ္တကောင်းမွန်စေရန်၊ ဖောက်သည် အပေါ်ဆက်ဆံရေးကောင်းမွန်စေရန် အားမာန်စိုက်ကြိုးစားကြရလေသည်။

ကုမ္ပဏီ ဖောက်သည်နှင့်တိုက်ရိုက်ဆက်ဆံရသော Sales and Marketing ဌာနမှဝန်ထမ်းများမှာ အခြား ဌာနများမှ ဝန်ထမ်းများထက် ပိုဂရုစိုက်ကြိုးစားရလေသည်။
ကုမ္ပဏီ Management မှချမှတ်ထားသော Sales target မှီရန် အရောင်းမကျရန်၊ Market ကိုအမြဲ update လုပ်နေရန်အတွက် Sales ဝန်ထမ်းများမှာ နားချိန်ပင်သိပ်မရှိကြချေ။

ဝန်ထမ်းတစ်ယောက်၏ မိမိ၏အလုပ်အောင်မြင်ရန်၊ စီးပွါးရေးရှင်မှ မိမိ၏ ကုမ္ပဏီစီးပွါးရေးအောင်မြင်ရန် ဤကဲ့သို့ တွန်းအားနှင့် အားသွန်ခွန်စိုက်ကြိုးစားနေရလျှင် နိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေးရရန် လွတ်လပ်ရေးရရန်၊ တိုင်းပြည်တိုးတက်အောင်မြင်စေရန် ကြိုးစားရသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာပို၍ပင်မလွယ်ကူလှပေ။

မြန်မာနိုင်ငံအတွက်အသက်ပေးခဲ့ရသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်ရေးကိုပြန်လည်သတိရမိလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ကျူးကျော်ဝင်ရောက်သိမ်းပိုက်သော နယ်ချဲ့တို့အားပြန်လည်တိုက်ထုတ်နိုင်ရန် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လူထုစည်းလုံးမှုဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျွန်ဘဝမှကယ်တင်နိုင်ခဲ့လေသည်။
.


မိမိကိုယ်ကျိုးကိုစွန့်ပြီး မြန်မာပြည်သူတစ်ရပ်လုံးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရ
သော ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကိုမျှမထောက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်မှာ မြန်မာပြည်သူတစ်ရပ်လုံးအတွက် ယနေ့ထက်ထိတိုင် လွန်စွာ ရင်နာစရာဖြစ်ခဲ့ရ၏။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်တက်လာကြသော စစ်ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့အရည်အချင်း၊ စိတ်ဓါတ်ပြည့်ဝမှု မရှိကြသေးပေ။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးမှ မိန့်ခွန်းတစ်ရပ်မှာ

လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး (ကုလားဟူ၍၊ တရုတ်ဟူ၍၊ တိုင်းရင်းသားဟူ၍မနှိမ်နေဘဲ) တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးတဲ့ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွါးအောင်ဆောင်ရွက်တဲ့လူမျိုးရေး တရားမျိုးသာဖြစ်ရမယ်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် လူသတ္တဝါအပေါင်းတို့ကိုမေတ္တာတရားထားရှိရန် ဟောကြားတော်မှုခဲ့လေသည်။

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ်၌
မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ
မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊
သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော
အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တာသုတ် .. ၄၄၃။)

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည်တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဤသည်မြန်မာလူမျိုးတိုင်း ဘာသာတိုင်းအတွက် ကောင်းသောစံနမူနာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့နှလုံးရည်လှသော သူဖြစ်ရန် မြန်မာပြည်ဖွားတိုင်းကျင့်သုံးကြရန်လိုအပ်ပါသည်။

ယခုအခါဝယ် မြန်မာလူမျိုးများမှာ အစိတ်စိတ်အမွှာမွှာသွေးကွဲ၍နေကြလေသည်။ သဘောမတူသော လူနှင့်ကျောခိုင်း၍နေ၍ မိမိအသိုက်နှင့် ကိုယ်စီနေလျှက်ရှိကြသည်။ ဤသည်အဖွဲ့အစည်းများ၊ ဘာသာရေးများ၊ နိုင်ငံရေးများတွင်ထင်ရှားစွာဖြစ်ပေါ်နေသော ဖြစ်ရပ်ဖြစ်ပေသည်။ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စည်းလုံးညီညွတ်မှုကို စံနမူနာ လုပ်ပြသွားသော ဗိုလ်ချုပ်အောင်ဆန်း၏ စတေးခံခဲ့ရသောအသက်ပင် လွန်စွာနှမြောစရာကောင်းလှသည်။

မြန်မာလူမျိုးတို့၏ မူရင်းစိတ်ရင်းမှာ လွန်စွာမွန်မြတ်၏။ ရတနာသုံးပါးကိုဦးထိပ်ထားကိုး
ကွယ်ကြသည်။ မွန်မြတ်သောသူများမှာ အတုအယောင် အာဏာနှင့် လူသတ်လက်နက်ကိုကြောက်နေရ၍ မည်သို့မှမလှုပ်ရဲကြပေ။ မျိုးဆက်သစ်များမှာလည်း မျက်စိပိတ်၊ ပါးစပ်ပိတ်၊ နားပိတ်ခံနေရ၍ လူ့တန်ဖိုးကျဆင်းခဲ့ရသည်။ သို့သော်မည်သူမဆို ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးညီညွတ်မှု လမ်းစဉ်ကိုလိုက်နာရန် မခဲယဉ်းပေ။

ထို့ကြောင့်မြန်မာအချင်းချင်းကျောခိုင်းမနေဘဲ တိုင်းရင်းသားမတူသော်လည်း၊ ဘာသာမတူသော်လည်း မျက်နှာချင်းဆုံပြီးပြောဆိုယိုင်းပင်းကူညီရမည်။ သို့မှသာလျှင် မြန်မာပြည်သားအချင်းချင်း ဗိုလ်ချုပ်အောင်ဆန်း၏ ခေတ်ကာလကကဲ့သို့ ချစ်ခင်လေးစားလာကြမည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံနေထိုင်ကြပါသည်။ ဘာသာတိုင်းတွင်ကျရောက်သော ပွဲသဘင်များတွင် မြန်မာပြည်သူများ တစ်ဦးအကျိုးတစ်ဦးရှိကြပေသည်။

ဥပမာ ဗုဒ္ဓဘာသာဝင်များ၏ မင်္ဂလာအတာသင်္ကြန်ပွဲမှာ ဘာသာခြားများဝင်ရောက်ရေကစား ကြသလို ခရစ်မတ် နှင့် ဗာလင်တိုင် ပွဲတော်မှာလည်းမြန်မာလူငယ်တို့ ပျော်ရွှင်ကြရပါသည်။ မူစလင် အီးဒ်ပွဲတော်များတွင် မုန့်ပဲသရေစာများ မြန်မာတို့လက်ဆောင်ရရှိကြသည်။ ထို့အတူ ဟင်ဒူ ဒေဝါလီ ပွဲ နှင့်တရုတ် နှစ်သစ်ကူးများတွင်လည်း မုန့်နှင့် အန်ပေါင်များကို ဘာသာမတူပေမဲ့လည်း လက်ဆောင်ပေးကြလေသည်။ ဤသည်တစ်ဦးအပေါ်တစ်ဦး၏ မေတ္တာထားခြင်းပင်ဖြစ်သည်။ မိမိ၏အပြုံးတစ်ပွင့် စကားတစ်ခွန်းသည် စည်းလုံးညီညွတ်မှုကို ဆောင်ယူနိုင်၏။

ထို့ကြောင့် မြန်မာအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် မြန်မာတစ်မျိုးသားလုံးတိုးတက်စေဘို့ စည်းလုံးညီညွတ်ရန်ဟူသော စီမံကိန်းတစ်ခုတည်ဆောက်ရပေမည်။ ဘာသာတိုင်းတွင် ကျရောက်လာမည့် နေ့ကြီးရက်ကြီးများတွင် နှုတ်ခွန်းဆက်သခြင်း၊ ပို့စကတ်ပို့ပေးခြင်း၊ ၎င်းတို့ဘလော့ဂ်၌မိတ်ဖွဲ့ နှုတ်ဆက်ခြင်း၊ မိမိ၏ ဘလော့ဂ်များ၊ ဝဘ်ဆိုက်များတွင် ပို့စကတ်တင်ပေးခြင်း၊ အီမေးလ်များနှင့် နှုတ်ခွန်းဆက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး စိမ်းကားနေရာမှ၊ ရင်းနှီးမှုဘက်သို့ ပြောင်းလာပေမည်။
ဤသို့ပြုလုပ်ခြင်းဖြင့် ဘာသာခြား နှင့် တိုင်းရင်းသားများကို တစ်နည်း စည်းလုံးညီညွတ်မှု စီမံကိန်းသို့ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။

ဤစီမံကိန်းအစတွင် မူစလင်တို့၏ အီးဒ်ပွဲတော်နှင့်ကြုံသဖြင့်
" အီးဒ်မူဘာရက်ပါသူငယ်ချင်း " ဟု နှုတ်ခွန်းဆက်လိုက်ပါသည်။

တိုင်းရင်းသားများနှင့် ဘာသာတိုင်းမှ သူငယ်ချင်းများလည်း သံသယကင်းစွာနှင့် မြန်မာတို့နှင့် စည်းလုံးညီညွတ်ကြရန် တိုက်တွန်းအပ်ပါသည်။ ယခင်ဖြစ်ပွါးခဲ့သောပဋိပက္ခများကိုမေ့ပြစ်လိုက်ပြီး အသစ်ကပြန်စကြပါစို့လို့အကြံပြု ၍ကောင်းသောဖက်သို့ဖိတ်ခေါ်လိုက်ပါသည်။

-
သင်ဟာ ဗုဒ္ဓဘာသာဘဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘဲဖြစ်ဖြစ်၊ တရုတ်ဘဲဖြစ်ဖြစ်၊ မူဆလင် - ဟင်ဒူ - ပန်ချာပီ ဘဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားဘဲဖြစ်ဖြစ်၊ အသားအရေဘယ်လောက်ဘဲ ဖြူနေပါစေ၊ ဘယ်လောက်ဘဲ မည်းနေပါစေ သင်ဟာကျွန်ုပ်နှင့် တစ်မြေတည်းမွေး ညီနောင် မောင်နှမတွေဘဲဖြစ်တယ်။

(ရောင်ခြည်ဦး)

ဒီဆောင်းပါးကို သူရိယ စာမျက်နှာမှာ http://www.thuriya.org/lu%20ngal/index.htm လည်းတင်ထားပါတယ်။

* အောက်ပါနမူနာ ပို့စ်ကတ်များကို မည်သူမဆို ယူသုံးနိုင်ပါသည်။
* မည်သူမဆို ဤဘလော့ခ်မှ ပို့စ်များကိုကူးယူ၍ (ဤဘလော့ခ်လင့်ခ်နှင့်) အတူ ထပ်ဆင့်ဖော်ပြနိုင်ပါသည်။


Friday, August 27, 2010

သခင်အောင်ဆန်းတရား

Tuesday, August 17, 2010

လူလိမ်ကိုရှောင်


ဘာသာပေါင်းစုံက သင်ကြားတဲ့ မေတ္တာတရား

ဘုရားမှာဘဲကျန်ခဲ့သလား စာပေကျမ်းဂန်ထဲမှာဘဲ ကျန်ခဲ့သလား

ထင်ရှားလာတာကတော့ အတ္တမာနလှိုင်းတွေ ကြီးထွားလာပါလား

ဘုရားနေရာမှာ ငွေနဲ့အာဏာ အစားထိုးလာတဲ့
ဒီခေတ်ပျက်ကြီးထဲမှာ

မြန်မာမလေးတွေ မှန်ဘီဒိုထဲမှာ အရောင်းစားခံနေရ

အလုပ်သမားတွေက ခေါင်းငိုက်စိုက်နဲ့ကျွန်ခံနေရ

ကျဆင်းနေတဲ့စာရိတ္တ၊ ခေါင်းပါးနေတဲ့လူမှုရေး

ညံ့ဖြင်းနေတဲ့ပညာရေး၊ ပြိုကွဲနေတဲ့ ညီညွတ်ရေး

သစ္စာမဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့

လူလိမ်ပေါများတဲ့ တို့မြန်မာပြည်

တိုင်းပြည် သယံဇာတပစ္စည်းတွေလည်း ခိုးခံရလို့ကုန်ပြီ

၂၀၁၀ ရွေးကောက်ပွဲမှာတော့ လူလိမ်ကိုမရွေးမိစေရန်
မဲပုံးနဲ့ဝေးဝေးသာရှောင်ကြဟေ့။

(ရောင်ခြည်ဦး)

Tuesday, August 10, 2010

ပညာ ...

Monday, July 26, 2010

သန်းကြွယ်သူဌေး

လူ့လောကတွင် သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန်အတွက် ချွေးစက်ပေါင်းများစွာနှင့်ရင်းကြရတယ်။ သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်သော လူများမှာနှစ်ရှည်လပေါင်းများစွာ လုံ့လဝီရိယစိုက်ပြီးကြိုးစားကြရပါတယ်။ တစ်ကိုယ်ကောင်းဆန်သူတွေမှာတော့ သူတစ်ပါးအသက် သတ်ဖြတ်၊ သူများပိုင်ပစ္စည်းကိုလိမ်ညာယူပြီး ချမ်းသာလာကြတယ်။

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန် ကြိုးစားရသော လူသည် လောဘ၊ မောဟ၊ ဒေါသ၊ ကိလေသာတို့နှင့်မဝေးပါဘူး။ ယနေ့ခေတ်ကြီးတွင် လူအချင်းချင်းစီးပွါးရေးအရ ဆက်ဆံရာမှာလည်း ဖြစ်လာရသောဒေါသတို့၊ စိတ်မွန်းကျပ်မှုတို့သည် မိမိကိုယ်ကိုပြန်ဖိစီးနေပါတယ်။ ဒီလိုနှင့်ချမ်းသာလာကြသော သူဌေးကို ကိလေသာထဲက သူဌေးလို့မြင်နိုင်ပါတယ်။

လူတိုင်းတွင် အသက်ကြီးလာသည်နှင့်အမျှ ဘဝ၏ရင့်ကျက်မှုရလာကြတယ်။ လေးနက်စွာတွေးခေါ်လာတတ်ကြတယ်။ ဘဝ၏အဓိပ္ပါယ်တစ်ခုရစေရန် မိမိတို့နေထိုင်ရာ ရှူတ်ထွေးပွေလီသောမြို့တော်မှ ခေတ္တခဏထွက်ပြီး အေးချမ်းတိတ်စိတ်သော နေရာတစ်နေရာ၌ထိုင်ကာ မိမိကိုယ်ကိုပြန်လည်စမ်းစစ်ပြီး မိမိဘာကိုလိုသလဲ၊ ဘာဖြစ်ချင်လဲ အဖြေရှာကြည့်လျှင် နှလုံးသားမှငြိမ်းချမ်းမှုကိုတောင်းဆိုပါလိမ့်မယ်။

ဗုဒ္ဓတရားတော် ဆုံးမစာများတွင် ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောရန်ပါရှိပါတယ်။

** ကောင်းသောအရာကိုစဉ်းစားလျှင် မိမိအနားမှာရှိသော ကရင်လေးကလည်း ချစ်စရာ၊ မူစလင်မ်လေးကလည်း ခင်စရာ၊ တရုတ်လေးကလည်း ပေါင်းစရာ၊ အာဖရိကန်လေးနဲ့ကလည်း စကားပြောချင်စရာ စသည်ဖြင့်တို့ဖြစ်ပါတယ်။






** ကောင်းသောအရာကိုလုပ်ရန် - လူ့ဘဝသက်တန်းတစ်လျှောက်လုံးတွင် ကောင်းမှုကုသိုလ်များလုပ်စရာတွေအများကြီးရှိနေပါတယ်။

** ကောင်းသောစကားပြောရန် - မိမိ၏စကားတစ်ခွန်းသည် လူတစ်ဘက်သားကို မထိခိုက်စေရန်လိုအပ်ပါတယ်။ နှစ်ဘက်စိတ်ချမ်းသာစေမဲ့စကား၊ အကျိုးရှိစေမဲ့စကားများသာပြောသင့်ပါတယ်။

ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောခြင်းဖြင့် လူတစ်ယောက်နှင့်တစ်ယောက် ခွင့်လွှတ်တတ်ခြင်း၊ စာနာတတ်ခြင်း၊ လေးစားတတ်ခြင်းတို့ဖြစ်ပေါ်စေပါတယ်။ ဤသည် မိမိနှင့်မိသားစုအပါအဝင် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံးကိုငြိမ်းချမ်းမှုဖြစ်စေပါတယ်။

ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောခြင်းတို့သည် လောဘ၊ မောဟ၊
မာန်မာနတို့အား လျှော့ချခြင်း၊ ကိလေသာနည်းခြင်းတို့နှင့်မိမိ၏ဦးနှောက်နှင့် စိတ်နှလုံးကိုကြည်လင်စေပါတယ်။ ပူပင်သောကကို လျှော့နည်းစေ၍ ကျန်းမာရေးလည်းကောင်းပြီး အသက်ရှည်စေပါတယ်။ ကိလေသာနည်းလျှင် သတိဆိုသောအရာက မိမိ၏အရှက်နှင့် ဂုဏ်သိက္ခါတို့ကိုထိန်းသိမ်းစေတယ်။ ဟန်ဆောင်သောကမ္ဘာက မိမိထံမှထွက်သွားပြီး လေးနက်မှုရှိသော မိတ်ရင်းဆွေရင်းသာကျန်ခဲ့မည်။ ထိုသို့သောသူသည် သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်ပြီး ဘဝ၏တန်ဘိုးရှိသောလမ်းကြောင်းပေါ်မှာ မှန်ကန်စွာလျှောက်သွားပါက ထိုသူသည် စိတ်ပိုင်းဆိုင်ရာ၊ လူပိုင်းဆိုင်ရာ ဖြူစင်သော သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်မည်။

ငွေဟူသောအရာတစ်ခုတည်းက မိမိအား သန်းကြွယ်သူဌေးဖြစ်စေခြင်းမဟုတ်။ မိမိသည်သာလျှင် မှန်ကန်သောလမ်းကိုရှာဖွေ၍ ဖြူစင် ကြည်လင်သောစိတ်ဓါတ်တို့ကိုမွေးမြူရမည်။ ထိုသို့ပြုကျင့်နိုင်ပါက သင်သည်လည်းဘဲ '' သန်းကြွယ်သူဌေး '' တစ်ယောက်ပင်တည်း။

ငါသာငါထက်
မာန်မတက်နှင့်
အထက်နေမင်း
လေကျွန်းချဉ်းလည်း
မလင်းတိမ်တိုက်
တစ်ကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ
ဤအရာကို
ပညာရှိက သတိရလိ့မ်။

(ရှင်မဟာသီလဝံသ)

စာဖတ်သူအပေါင်းရွှင်လန်းကြပါစေ။

ရောင်ခြည်ဦး

Tuesday, June 29, 2010

တို့ပြည်တို့မြေတိုးတက်စေရန် စည်းလုံးညီညွတ် လက်တွဲကြ

ယခုကမ္ဘာ့ဖလားဘောလုံးပွဲအချိန်၌ လူအများတီဗီရှေ့မှာ စိတ်ဝင်တစားကြည့်ရှူအားပေးနေကြသည့်အချိန်ဖြစ်ပါသည်။ အဲဒီအထဲမှာ အိမ်ဘေးက ဘကြီးတစ်ဦးလည်းအပါအဝင်ဖြစ်သည်။ ဘယ်အသင်းအားပေးလဲ မေးကြည့်ရာ ''အဖြူဆိုအားပေးတယ် နီကရိုးတွေတော့ အားမပေးဘူးကွာ '' လို့ ဘကြီးကျော်ဆီကအဖြေရလိုက်ပါသည်။ ဘာဖြစ်လို့လဲ လို့မေးကြည့်တော့ ''ငါ ငမည်းတွေကိုမကြိုက်ဘူးတဲ့ '' စာရေးသူက ဟာ ဒါဆိုဘကြီးက လူမျိုးရေးအရ၊ အသားအရောင်ကို discrimination လုပ်နေကြောင်းပြောလိုက်မှ ဘကြီးကျော်မှာ သူမှားနေမှန်းသိပြီး မျက်နှာပြုံးစိစိနဲ့ဘာမှပြန်မပြောတော့ပါ။ အဲဒိနေ့ကစပြီး ဒီနေ့ထိ ဘကြီးကျော်တစ်ယောက် အသားမည်းသည့် လူတွေကို မကြိုက်တဲ့စိတ်နဲလာပါသည်။

အာဖရိကန်လူမျိုးကို နီကရိုးလို့ခေါ်လျှင် အာဖရိကန်တွေ မကြိုက်ကြပါဘူး။ ၎င်းတို့ကို နှိမ်၍ခေါ်သည်ဟု ၎င်းတို့မှခံစားရပါသည်။ မြန်မာနိုင်ငံမှာမွေးသည့် တိုင်းတစ်ပါးသား မျိုးနွယ်များကို ကုလားဟု၊ ပေါက်ဖော်ဟု ခေါ်လျှင်၎င်းတို့မကြိုက်သလို၊ မြတ်စွာဘုရားကို ကုလားကြီးလို့ခေါ်လျှင် မြန်မာလူမျိုးများလည်းမကြိုက်ကြပါ။ လူတစ်မျိုးနှင့်တစ်မျိုး တစ်ကမ္ဘာတည်းနေပြီး တစ်ဦးကိုတစ်ဦး လေးစားမှု (respect) ရှိကြမှသာလျင် တိုင်းပြည်လည်း ငြိမ်းချမ်းမှုဆိုတာ ရှိနိုင်ပါမည်။

မိမိ မိသားစုဝင်ဖြစ်စေ၊ အိမ်နီးချင်းဘဲဖြစ်စေ၊ ဆွေမျိုးသားချင်းဘဲဖြစ်စေ အမြင်ကျဉ်းမြောင်းနေလျင် မိမိဖက်က အမှန်ကိုပြသရမည်။
လူများတွင်သတိ လက်လွတ်ဖြစ်တတ်ကြပြီး ''ငါ'' ဟူသော အတ္တစိတ် အနဲနှင့် အများရှိကြသည်။ ဗုဒ္ဓမေတ္တာတရား နှလုံးမသွင်းနိုင်ပါက ထိုသူသည် ကျဉ်းမြောင်းသော လူမျိုးကြီးဝါဒလွှမ်းမိုးကာမျက်ကန်းမျိုးချစ်ဖြစ်လာမည်။

သီတဂူဆရာတော်၏ ကဗျာကိုသတိရစေရန် ထည့်ပေးလိုက်ပါသည်။

ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
တို့စွမ်းရာဖြင့်
တို့သာသနာ တို့ပြည်ရွာကို
သာယာစေမှု လုံ့လပြုအံ့။


ကျဉ်းမြောင်းသောလူမျိုးရေးဝါဒီ နှင့် လူမျိုးကြီးဝါဒဆိုသည်မှာအဘယ်နည်း ?

ကျဉ်းမြောင်းသောလူမျိုးရေးဝါဒီများ

ကျဉ်းမြောင်းသောလူမျိုးရေးဝါဒီကို ဆွဲကိုင်ထားသူများသည် မိမိတို့ကိုယ်ကျိုးသက်သက်အတွက် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မုန်းတီးမှုစိတ်ပွါးကာ ပေါင်းသင်းဆက်ဆံ၍မရအောင်ခွဲခြားလျက် ထာဝရဖိနှိတ်ကျွန်ပြုလိုသူများဖြစ်သည်။ ထိုကျဉ်းမြောင်းသောလူမျိုးရေးဝါဒီများသည် ကွဲပြားသော လူမျိုးအသီးသီးအား အမြဲသွေးခွဲရန်ကြိုးစားအားထုတ်လျက်ရှိသည်။

၎င်းဝါဒီများသည် မိမိတို့လူမျိုးပင်လျင် အလွန်မြင့်မြတ်ပြီး ကောင်းကင်ဘုံမှဆင်းသက်လာသယောင် အထင်မှားသောစိတ်ရောဂါသည်များဖြစ်သည်။ တို့နောက် မိမိတို့လူမျိုးပင်လျင် အခြားဘာသာဝင်လူမျိုးများထက် သန့်စင်တန်ဘိုးရှိသည်ဟု ရူးသွပ်အထင်ကြီးသူများဖြစ်သည်။ ထိုသူတို့သည် ၎င်းတို့၏မိသားစုအကျိုးစီးပွါးကို မိမိတို့လူမျိုးများကသာကာကွယ်မည်ဟု အယုံကြီးသူများဖြစ်သည်။ အခြားလူမျိုးများကို မိမိတို့ရန်သူများဟု အမြဲသတ်မှတ်တတ်သော စိတ်ဝေဒနာရှင်များဖြစ်သည်။

လူမျိုးကြီးဝါဒ

လူမျိုးကြီးဝါဒများသည် မိမိတို့လူမျိုးသာ အမြင့်မြတ်ဆုံးဖြစ်ပြီး မိမိတို့လူမျိုးအတွင်း၌ပင် မိမိ၏မိသားစုနှင့် မိမိ မိသားစုအကျိုးကို အကာအကွယ်ပေးသူများသည်သာ အမြတ်ဆုံးဟု ယုံကြည်သူများဖြစ်သည်။ လူမျိုးကြီးဝါဒီများသည် အလွန်အတ္တဆန်ပြီး မိမိတို့နှင့် မိမိတို့အကျိုးကိုဖြည့်ဆည်းပေးသူများသာလျင် အုပ်ချုပ်ရေးယန္တယားကို ချုပ်ကိုင်ပြီး အခြားလူမျိုးနှင့် အခြားဘာသာဝင်များကို ထာဝရနှိပ်ကွပ် ကျွန်ပြုအုပ်ချုပ်လိုသူများဖြစ်သည်။

တိုင်းပြည်နှင့်လူမျိုး

ဤကမ္ဘာကြီးတွင် ဘာသာတစ်ခုတည်းကိုသာ ကိုးကွယ်ပြီး လူမျိုးတစ်မျိုးတည်းသာနေထိုင်သော တိုင်းပြည်ဟူ၍ ရှာတွေ့ရန်အလွန်ခက်ခဲလိမ့်မည်။ ကြီးသောနိုင်ငံဖြစ်စေ ငယ်သောနိုင်ငံဖြစ်စေ နိုင်ငံသားများသည် မျိုးရိုးအများအပြားနှင့် ကိုးကွယ်သည့်ဘာသာ အများအပြားရှိကြသည်။
တစ်နည်းဆိုရလျင် ဤကမ္ဘာပေါ်၌ မျိုးရိုးတစ်မျိုးတည်းနှင့်ဖြစ်စေ ဘာသာတစ်ခုတည်းဖြင့်ဖြစ်စေ ဖွဲ့စည်းထားသောနိုင်ငံဟူ၍မရှိပေ။ ဘာသာတစ်ခုတည်းမှာပင် ဂိုဏ်းကွဲများစွာရှိတတ်ကြပေသည်။ တို့ကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင်ကွဲပြားခြားနားသော ဘာသာအယူဝါဒကို ကိုးကွယ်သည့်လူမျိုး အမျိုးမျိုးရှိကြသည်ချည်းဖြစ်ပေသည်။ ထိုလူမျိုးများမှာလည်း မျိုးရိုးအများအပြားမှ ဆင်းသက်လာသူများဖြစ်ကြသည်။

ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝသောတိုင်းပြည်

နိုင်ငံတစ်ခုအနေဖြင့် တည်ငြိမ်ပြီးကြီးပွါးချမ်းသာရန်မှာ ထိုနိုင်ငံကိုအုပ်ချုပ်သော အစိုးရဆိုသည်များ၏အပေါ်တွင် လုံးဝမှီတည်ပါသည်။ ထိုအစိုးရများသည် မိမိတို့တိုင်းသူပြည်သားများကို ဘာသာရေး လူမျိုးရေးအရ ကျောသားရင်သားမခွဲခြားဘဲ တရားမျှစွာအုပ်ချုပ်သည့် အစိုးရများဖြစ်သည်။ ထိုသို့ သော အစိုးရကောင်းများအုပ်ချုပ်သော တိုင်းပြည်သည် ဧကန်မုချအေးချမ်းသာယာမည်ဖြစ်သည်။ ထိုအစိုးရများသည် တိုင်းပြည်၏ သယံဇာတပစ္စည်းများကို ခိုးယူရောင်းချခြင်းမရှိ။ တိုင်းသူပြည်သားများအနေဖြင့် လွတ်လပ်စွာလုပ်ကိုင်စားသောက်နိုင်သာ တိုင်းပြည်သည်ချမ်းသာကြွယ်ဝပြီးငြိမ်းချမ်းသာယာမည်ဖြစ်သည်။

ဘာသာမတူရုံ၊ လူမျိုးမတူရုံဖြင့် ထိုလူမျိုးများကို အစိုးရဆိုသည်များက ဖိနှိတ်ညှဉ်းဆဲရန် အကြောင်းဖန်တီးပြီး ရက်စက်စွာအုပ်ချုပ်ရန်အကွက်ရှာခြင်းဖြင့် အလုပ်များနေသော အစိုးရဆိုသည်တို့ အုပ်ချုပ်သောတိုင်းပြည်သည် မည်သည့်အခါမျှ တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းသာယာခြင်းမရှိနိုင်ပေ။

ထို့ပြင်လူမျိုးစုံ ဘာသာစုံ ရှိနေသည်ကိုပင် သည်းခံနိုင်ခြင်းမရှိ မကျေနပ်ဖြစ်ကာ ဒေါသဖြစ်ပွါးနေလျင် မည်သည့်အခါမျှမတည်ငြိမ်နိုင်ပေ။
နိုင်ငံတစ်ခုတွင် မျိုးရိုးအားဖြင့်ကွဲပြားခြားနားသော လူမျိုးအားလုံးကိုစုပေါင်ပြီး နိုင်ငံရေးအရအချုပ်အခြာပိုင်နိုင်ငံအဖြစ် ဖွဲ့စည်းထားလျင် ထိုလူမျိုးအားလုံးကို တန်းတူအခွင့်အရေးပေးအပ်ရန်လိုအပ်သည်။ သို့မှသာထိုလူရမျိုးအားလုံးသည် ထိုအစိုးရအပေါ်တွင် ကျေနပ်မှုရှိမည်ဖြစ်သည်။ တိုင်းပြည်မှာလည်း ကြီးပွါးချမ်းသာပြီး ငြိမ်းချမ်းသာယာမည်ဖြစ်သည်။

လူမျိုးကြီးဝါဒီတို့သည် သူတို့၏ အစွမ်းအစဖြင့် သူတို့ အုပ်ချုပ်သောနယ်မြေ၏ တည်ငြိမ်မှုကို မဆောင်ရွက်နိုင်သောအခါ အခြားလူနည်းစုများကို ပုံစံအမျိုးမျိုးနှင့်စွပ်စွဲပြီး နှိပ်ကွပ်တတ်သည်။ လူမျိုးကြီးဝါဒီတို့သည် အခြားလူမျိုးများအား အမြဲဆိုသလို '' သံသယ '' မျက်စေ့ဖြင့် ကြည့်ရှူတတ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏အခွင့်အာဏာကို ထိပါးမည်ထင်လျင် လူအများအပြားကိုသတ်ဖြတ်ရန် ဝန်မလေးသူများဖြစ်သည်။ ၎င်းတို့သည် ပါးကွက်အာဏာသား အုပ်စုကိုမွေးမြူပြီး တစ်ပြည်လုံးကို ကျွန်ပြုတတ်သည်။

မြန်မာတို့အတွက် အကောင်းဆုံးစံနမူနာအဖြစ် စင်္ကာပူနိုင်ငံကို လေ့လာနိုင်ပါသည်။ ၎င်းနိုင်ငံသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူစလင်မ်၊ ရှင်တို၊ ဂျူး၊ ဟိန္ဒူ၊ ဆစ်ခ်ဟူ၍ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်သော သေးငယ်လှသော ကျွန်းငယ်လေးတစ်ခုဖြစ်ပါသည်။ ဘာသာဝင်အားလုံး၊ လူမျိုးအားလုံးသည် တစ်ဦးကိုတစ်ဦးအထူးလေးစားစွာဆက်ဆံကြသည်။ သူတို့အတွက်အရေးကြီးဆုံးအချက်သည်ကား သူတို့နိုင်ငံတိုးတက်နိုင်မည့် နည်းလမ်းသာဖြစ်သည်။ ၎င်းနိုင်ငံရှိ ဘာသာဝင်အားလုံးတို့သည် မိမိတို့ကိုယ်ကို '' ဆင်ဂါပူရီယန်'' ဟူ၍ခေါ်ဆိုခြင်းဖြစ်သည်။ သူတို့သည် ကမ္ဘာပေါ်မှာဂုဏ်ရှိစွာ ဦးမော့နေနိုင်ခြင်းမှာ တူညီသော နိုင်ငံချစ် စိတ်ဓာတ်ကြောင့်ဖြစ်သည်။.. မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သောနိုင်ငံဖြစ်သည်။ တို့ကြောင့် ဗုဒ္ဓ၏မေတ္တာတရား မမေ့မပျောက်စေဘဲ နောင်တော်ကြီးစိတ်ဓာတ်မွေးမြူကာ လူမျိုးစု ညီငယ်လေးများကို သနားညှာတာသွားမည်ဆိုပါလျင်မူ လူမျိုးစုငယ်များသည် အစ်ကိုကြီးနောက်သို့ တကောက်ကောက်လိုက်ပါသွားမည်မှာ မုချအမှန်ပင်ဖြစ်သည်။ (သံအမတ်ကြီးတစ်ဦး)


နိဂုံး : လူများသည်အသားအရောင် ဘာသာစကား သာသနာ လူမျိုး ယဉ်ကျေးမှုများ ကွာခြားနေသော်လည်း လူ့အခွင့်အရေး လူ့တန်ဖိုး လူအချင်းချင်းပေါင်းသင်းဆက်ဆံမှုများတွင် သာတူညီမျှကြသည်။

(ရောင်ခြည်ဦး)