Thursday, February 16, 2012

မေတ္တာဝါဒီဘာသာဝင်စစ်ရင် သူတစ်ပါးဘာသာကိုလည်း မစော်ကားလေနှင့်

Christians have been forbidden to build new churches, had religious symbols – such as crosses – removed by the military and food and homes confiscated by officials, according to a Human Rights Watch report.

Recently the country’s military has attacked churches, beating parishioners and arresting religious leaders. In October, the government began requiring residents in Kachin State to submit a written request at least 15 days in advance prior to reading the Bible or praying.

It is unclear if the attacks targeting Christians in the northern state will subside now that President Thein Sein has ordered Burmese troops to cease firing on the Kachin Independence Army (KIA).

From Google

Friday, February 10, 2012

ကျွန်တော်တို့ရွှေမြန်မာ

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေ သိက္ခါတစ်ပြားမှ မကျန်အောင်လျှော့ချနေတဲ့ HIp Hop Rapper နဲ့အကသည်တွေပါလား။
From Forward email.

Wednesday, September 14, 2011

ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖောက်တဲ့ ၈ နိုင်ငံထဲမှာ မြန်မာပါဝင်

ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖောက်တဲ့ ၈ နိုင်ငံထဲမှာ မြန်မာပါဝင်
Wednesday, September 14, 2011

ဒီနှစ်အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖေါက်တဲ့ နိုင်ငံစာရင်းမှာ မနှစ်ကလိုပဲ ပါဝင်နေပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၇ခုနှစ် သံဃာ့ အရေးအခင်းနောက်ပိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ပိုမိုဖိနှိပ်လာပြီး ရာနဲ့ချီတဲ့ သံဃာတွေ အကျဉ်းကျခံနေရဆဲ ဖြစ်သလို မူစလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်မပြုသေးပဲ ခရစ်ယန်ဘာသာဝင် တိုင်းရင်းသားတွေ အတွက်ဆိုလည်း အခွင့်အရေး ရပိုင်ခွင့် တွေ ဆုံးရှုံးမှု ရှိနေတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို CPC လို့ခေါ်တဲ့ ဘာသာရေး လွတ်လပ်ခွင့် အပြင်းအထန်ချိုးဖေါက်နေတဲ့ နိုင်ငံထဲမှာ ဆက်လက်ထည့်သွင်းထားပြီး ဒီနှစ်အတွက် မြန်မာနိုင်ငံအပါအ၀င် စီပီစီ ရှစ်နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်နေမှု အပြည့်အစုံကို အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပေါ့စ်စနာ(Michael Posner) ကပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အထူးစိတ်ပူဖို့ကောင်းတဲ့ နိုင်ငံအဖြစ် ၈ နိုင်ငံကို သတ်မှတ်ခဲ့ပါတယ်။ ဒီနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်နဲ့ အူဇဘက်ကစ်စတန် နိုင်ငံတွေပါ။ ဒီနိုင်ငံတွေအားလုံးမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိတာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သလို ဆိုးဆိုးဝါးဝါးလည်း ချိုးဖေါက်နေတာ တွေ့ရပါတယ်။ ဒီချိုးဖေါက်မှုတွေကို အစီရင်ခံစာမှာ အပြည့်အစုံဖေါ်ပြထားပါတယ်။”

အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပိုင်းလေးပိုင်းခွဲ တင်ပြထားပါတယ်။ နိုင်ငံတွင်း ဒေသအလိုက် ဘာသာရေး ကိုးကွယ်မှုကို ဆန်းစစ်ထားသလို ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုံးရှိပြီး ခရစ်ယန်နဲ့ မူစလင် ၄ ရာခိုင်နှုန်း စီလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ဘာသာရေးဆိုင်ရာ လေးစားလိုက်နာမှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးဆိုင်ရာ လေးစား လိုက်နာမှု အခြေနေတွေကိုပါ

ခွဲခြားဖေါ်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် အခုထိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ထောင်အကျခံနေရတာ တွေ့ရသလို မြန်မာနိုင်ငံက မူစလင် ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်ပြုတာမျိုး မတွေ့ရသေးပါဘူး။”

မစ္စတာ ပေါ့စ်နာပြောသွားတာပါ။ မြန်မာအစိုးရအနေနဲ့ ဗုဒ္ဓဘာသာကို အထူးဦးစားပေးပြီး အလေးအမြတ်ထားကြောင်း ပြသနေပေမယ့် ၂၀၀၇ခုနှစ် သံဃာ အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး နယ်ဝေးအကျဉ်းထောင်တွေ ပို့တာရှိသလို အစီရင်ခံစာရေးသားတဲ့ ၂၀၁၀ ဇူလိုင်လ ၁ ရက်ကနေ ဒီဇင်ဘာလကုန် အတွင်း သံဃာအပါး ၂၅၆ ပါး အကျဉ်းထောင်ထဲမှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ သံဃာ့ဥသျှောင်မြန်မာ ရဟန်းတော်များအဖွဲ့ အတွင်းရေးမှုး အရှင်ဂုဏိဿရကတော့ လွတ်လပ်စွာကိုးကွယ်မှုကို သင်ပေးတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အကျဉ်းချထားတာ မသင့်လျှော်ဘူးလို့ မိန့်ပါတယ်။

“မြန်မာစစ်အစိုးရဖမ်းထားတာကတော့ ရာဂဏန်းရှိတယ်ပေါ့ ဘယ်သူ့မှ အဆက်အသွယ်မမှီတဲ့ အတွက် စာရင်းမပြုနိုင် တာတွေလည်း အများကြီးရှိတယ်။ တချို့ဖမ်းထားရင်းနဲ့ ပျံလွန်တော်မူသွားတာတွေလည်း ရှိပါတယ်။ ၂၀၀၇ခုနှစ်က သံဃာတော်တွေက ဦးဆောင်ပြီး မေတ္တာပို့တယ်၊ လမ်းလျှောက်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သံဃာတော်တွေနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပိတ်တာ၊ ၀ါတွင်း ကာလတောင် ကိုယ့်ကျောင်းကိုယ် မပြန်နိုင်ဘူး။ တောက သံဃာ မြို့မတက်နိုင်အောင် မြို့ကသံဃာ တောမပြန်နိုင်အောင် အမျိုးမျိုးဒုက္ခပေးတာရှိတယ်။

ဘာမှ အပစ်မရှိတဲ့ ဆရာတော်တွေ ဦးဂမ္ဘီယအပါအ၀င် တခြားဆရာတော်သံဃာတွေကို ဖမ်းထားတာဟာ ဘာသာရေးကို အမျိုးမျိုး ပိတ်ပင် တားဆီးနေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ ဘာသာ သာသနာထွန်းကားတဲ့ တိုင်းပြည်မှာ ဒီလို ဖြစ်တယ်ဆိုတာ ရှက်ဖို့လည်းကောင်းပါတယ်။ ဒါတွေကိုရပ်တန်းကရပ်ဖို့ တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်မှာ အများဆုံးနေထိုင်တဲ့ ရိုဟင်ဂျာ အပါအ၀င် မူစလင်တွေ အပြင် ခရစ်ယန်ရော၊ ဗုဒ္ဓဘာသာ သံဃာတွေကိုပါ ဖိနှိပ် ချုပ်ချယ်နေတဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန် အစိုးရရဲ့ အခု အစီရင်ခံစာဟာ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ ပြောကြားချက်တွေကို စိန်ခေါ်နေတယ်လို့ မြန်မာ မူစလင်အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးအောင်တင်ကပြောပါတယ်။

“မြန်မာပြည်မှာက မူစလင်ဖြစ်ခြင်းကိုက အစ္စလာမ်ဘာသာ ကိုးကွယ်တယ်ဆိုတာနဲ့ ဒီလူဟာ တိုင်းရင်းသားမဟုတ်တော့ဘူး။ နိုင်ငံသား မဟုတ်တော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အထူးသဖြင့် ဒီ ရိုဟင်ဂျာ လူမျိုးတွေဆိုရင် နိုင်ငံသားဟုတ်တယ် မဟုတ်ဘူး ဆိုတဲ့ အဆင့်ထက်တောင် မကတော့ဘဲနဲ့ ဒီလူသားရဲ့ ဖြစ်တည်ခွင့်တွေမှာပါ အဖိနှိပ်ခံရတယ်။ ဥပမာ အရွယ်ရောက်လို့ အိမ်ထောင်ပြုချင်ရင် တောင်မှ အိမ်ထောင်ပြုလို့ မရတာ၊ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေဟာ ကျန်းမာရေးအတွက် ဆေးကုမယ်ဆိုရင် ဆေးကုလို့မရ တနေရာက တနေရာသွား လို့မရ၊ ပညာသင်လို့ မရ၊ အလုပ်အကိုင် ရှာဖွေလို့မရ၊ သူတို့ကို ဆယ်စုနှစ်ပေါင်းများစွာ စီစစ်လို့ မပြီးနိုင်သေးဘူးလား။ ဒီကနေ့ ယူနိုက်တက် စတိတ်ကထုတ်ပြန်တဲ့ ဒီ ဘာသာရေးဆိုင်ရာ အဖိနှိပ်ဆုံးနိုင်ငံမှာ မြန်မာ နိုင်ငံဆက်လက်ပါရှိနေခြင်း သည်ပင်လျှင် ဒီကနေ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နေပါတယ် ဆိုတဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရကို မေးခွန်းထုတ်လိုက်တယ် လို့တောင် ထင်မိပါတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်လာစေဖို့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ။ NGO အဖွဲ့အစည်းတွေနဲ့ အခါသင့်တိုင်း တွေ့ဆုံဆွေးနွေးနေသလို ၂၀၀၈ခုနှစ် ကစပြီး အမေရိကန်လွှတ်တော်အမတ် တွန်လန်းတို့စ် (Tom Lantos Block Burmese Junta Anti- Democratic Efforts Act) ရဲ့ JADE အက်ဥပဒေနဲ့ ချမှတ် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

Credit : VOA Burmese

Tuesday, July 19, 2011

အဘိုးတို့ေ​ရ…အဘိုးတို့ရ​ယူပေးခဲ့တဲ့ လွပ်လပ်ရေး​ကြီး

အဘိုးတို့ရေ….
အဘိုးတို့ရယူပေးခဲ့တဲ့ လွပ်လပ်ရေးကြီး
အသီးတွေသီး.. အပွင့်တွေ ပွင့်လို့…
အဘိုးတို့ချစ်တဲ့ ပြည်သူပြည်သားတွေကလည်း
သီးလို့… ပွင့်လို့
တစ်ယောက်ကို တစ်ယောက် ပြန်လည် ခူးဆွတ်စားသောက်လို့။

အဘိုးတို့ရေ….
လွပ်လပ်ရေး အကိုင်းအခက်တွေက သီးကြ ပွင့်ကြပေမယ့်
စည်းလုံးမှုမဏ္ဍိုင်ကြီးကတော့ သစ်ခြောက်ပင်ကြီးလိုပါပဲ
အဘိုးတို့က ပြည်သူတွေကိုချစ်တယ်
ပြည်သူအများစုကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်ကြတယ် အဘိုးတို့ရဲ့
ပြီးတော့
ကျနော်တို့တတွေ အချင်းချင်းလည်း မတည့်ကြပေဘူး။

အဘိုးတို့မွေးခဲ့တဲ့ မျောက်တွေ
အခု
ကျနော်တို့ကို ပြန်ခြောက်နေတယ်။
ခြောက်လုံး လှန့်လုံး မက်လုံးတွေကြားမှာ
ပြည်သူတွေလည်း ဟောတစ်ယောက် ဟောတစ်ယောက်
မျောက်… မျောက်… မျောက်တွေ ဖြစ်သွားကြကုန်ပါရောလား။

အဘိုးတို့အကြောင်း စာမျက်နှာတွေ
ကလေးလေးတွေရဲ့ ကျောင်းစာအုပ်ထဲကနေ
တစ်ရွက်ပြီး တစ်ရွက် ပျောက်ကွယ်စပြုနေပြီလေ
အဘိုးတို့နာမည်ကို
“အဲဒါ.. ဘယ်သူတွေလဲဟင်”လို့ ပြန်မေးကြတဲ့ကလေးလေးတွေ
ရှိနေပြီ အဘိုးတို့ရေ….။

အဘိုးတို့ဟာ
ုမြန်မာပြည်သူတွေ ဘယ်တော့မှမမေ့ကြရမယ့်
ထာဝရအာဇာနည်တွေဖြစ်တယ်ဆိုတာ
ခေတ်အဆက်ဆက် ကျနော်တို့ပါးစပ်ဖျားမှာ
ရေပန်းစားနေကြရမယ်မဟုတ်လား
အဘိုးတို့ရဲ့ သမိုင်းရုပ်ပုံလွှာကို ဖျောက်ဖျက်ဖို့ကြိုးစားသူဟာ
တမျိုးသားလုံးကို စော်ကားဖို့ကြိုးစားလိုက်တာပဲ
ကျနော်တို့ ကာကွယ်ကြရလိမ့်မယ်။

ဒီလိုနဲ့ပဲ….
ကျနော်တို့တတွေ
ခေတ်တစ်ခေတ်ပြီး တစ်ခေတ်
စနစ် တစ်ခုပြီးတစ်ခုကြား
မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်
အရေထူထူ အကြောမာမာ
အသားကျနေကြရပါပြီ။

တစ်ခါတလေတော့လည်း
ကျနော်တို့တွေ သိပ်သတိရတာပဲ အဘိုးတို့ရေ…..
အဘိုးတို့သာ ရှိနေခဲ့ရင်လေ
အဘိုးတို့ရဲ့ ဆိုဆုံးမမှုအောက်မှာ
ကျနော်တို့ပြည်သူတွေဟာ
လိမ်လိမ်မာမာ ညီညီညာညာနဲ့
ကောင်းမွန်တဲ့ လူ့ဘောင်တစ်ခေတ်ကို ထူထောင်နေကြမှာပဲနော်။

အခုတော့
ကျနော်တို့ခမျာလေ…..
ဟိုမျောက်ကြောက်ရ.. ဒီမျောက်လန့်ရ
ဟိုဖားဒီဖား ဟိုပုန်းဒီလျှိုးနဲ့
မဟာမျိုးကနေ မသာမျိုးတွေမဖြစ်ဖို့အရေး
ကိုယ့်အသက်ကလေးကိုယ် ဖက်နဲ့ထုပ်
မြန်မာနိုင်ငံတော်ထဲ ခပ်ကုပ်ကုပ်ပဲ ချီတက်နေကြရရှာတယ်
ကိုယ့်ကိုယ်ကိုယ်မှ မသနားရင် ဘယ်သူ့ကိုဘယ်သူမှ သနားမှာမဟုတ်ဘူးအဘိုးတို့ရေ
ကျနော်တို့ရောက်နေတာ အဘိုးတို့မမြင်ဖူးတဲ့ ခေတ်ဆိုးလေ။

ကျနော်တို့ လျှောက်နေတာ ခေတ်ဆိုးလမ်းမ
ကျနော်တို့ ဖြတ်နေတာ ခေတ်ဆိုးတံတား
ကျနော်တို့ စားနေတာ ခေတ်ဆိုးထမင်း
ကျနော်တို့ သောက်နေတာ ခေတ်ဆိုးရေပုပ်
ကျနော်တို့ ရှုနေတာ ခေတ်ဆိုးလေညစ်
ကျနော်တို့ လုပ်နေတာ ခေတ်ဆိုးအလုပ်
ကျနော်တို့ တွေးနေတာ ခေတ်ဆိုးအတွေး
အဘိုးတို့ မြေးလေးတွေ ခေတ်သစ်နဲ့ ဝေးနေတာ ကြာပြီကော။

နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရဲ့
နံနက်ခင်းတွေမှာ
မိုးကလေးတွေ တဖြောက်ဖြောက် တဖွဲဖွဲ ရွာနေဆဲပါ
တံပိုးခရာသံတွေကြားရတိုင်း
အဘိုးတို့ရုပ်ခန္ဓာ လဲလျောင်းငြိမ်သက်နေရာ
အာဇာနည်ကုန်းတော်ထက်ဆီ မျှော်မှန်းကာ….

““ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ….. ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား… အလေး…………………..ပြု””

ကျနော်တို့မျက်ဝန်းထဲမှာ
မျက်ရည်မိုးတွေ တဖြောက်ဖြောက်ရွာ
ယူကြုံးမရ တမ်းတမှုတွေ တဖွဲဖွဲပါ။

ကောင်းရာသုဂတိ လားကြပါစေ

အဘိုးတို့ရေ…..
ကျနော်တို့ကတော့
အဘိုးတို့မရှိတဲ့ ဘ၀ဆိုးကြီးမှာ
အဖမဲ့သား ရေနည်းငါးလေးတွေပမာ
မျောက်တံငါတွေကြား….. အားငယ်စွာ
ရှင် သန်
ရုန်း ကန်
နေ ကြ ပေ တော့ တာ။

ဥက္ကာကိုကို
၁၈.၇.၂၀၁၁
(၆၄နှစ်မြောက် အာဇာနည်နေ့…သို့)

အာဇာနည် ၉ ဦးဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်း၊ သခင်မြ ၊ ဦးဘဝင်း ၊ မန်းဘခိုင် ၊ ဦးရာဇတ် ၊ စဝ်စံထွန်း ၊
ဒီးဒုတ်ဦးဘချို ၊ ဦးအုန်းမောင် ၊ ရဲဘော်ကိုထွေးတို့ အား
ကျွန်တော်တို့အားလုံး "သေသောသူကြာလျှင်မမေ့နိုင်ကြပါစေ" ဟု
တောင်းဆုပြုရင်း ယခု ပို့စ်လေးမှ ဦးညွှတ်အလေးပြု လိုက်ပါသည်။

Saturday, April 23, 2011

ဘုံပျောက်မှာစိုးကြောက်မိရှာ အပိုင်း ၇

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၇

ယနေ့ခေတ်ကာလသည် လွတ်လပ်ရေးရပြီး နစ်၆၀ကျော်ကာလဖြစ်သည်။ ကုလားများသည်လည်း မူလကုလားများနှင့်မတူတော့။ ဗမာလူမျိုးတို့နှင့်မခြား စိတ်ဓာတ်နှင့် ရုပ်ရည်တူလာသည်။ ကျွန်တော်တို့လျှို့ဝှက်စွာလုပ်ဆောင်သောကိစ္စများကို သူတို့အားလုံးသိနေကြသည်။ သူတို့၏ရုပ်ရည်သည် ဗမာနှင့်တူသည်။ အထက်အညာဒေသရှိ မူဆလင်များမှာ သာ၍ပင် ဗမာများနှင့်ခွဲခြားရန်ခက်ခဲသည်။ အရေးကြီးဆုံးအချက်မှာ သူတို့အတွင်းမြန်မာမျိုးချစ်စိတ်ဓာတ်ပေါ်ထွန်းနေရန်သာဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းတလျှောက် ဗျတ်ဝိ၊ ဗျတ္တမှအစ ဆရာကြီးဦးရာဇက်အဆုံး သူတို့သည် ဗမာလူမျိုးတို့နှင့်အတူ သွေးစည်းညီညွတ်ခဲ့သည်။

နိုင်ငံကိုသစ္စာဖောက်သည်ဟူသော အစဉ်အလာဆိုးသည် သူတို့တွင်မရှိခဲ့ကြောင်း ရိုးသားစွာဝန်ခံရဲရပါမည်။ စွန့်စားခြင်းဝါသနာပါ၍ ဖိနှိပ်မှုကိုအလူးအလဲခံခဲ့ရသည်။ သူတို့တွင်မျိုးချစ်စိတ်မရှိလျင်သူတို့သည် တရုတ်များကဲ့သို့ မြန်မာနိုင်ငံရေးမှ တသီးတခြားနေမည်မှာ အမှန်ပင်ဖြစ်သည်။

ဗုဒ္ဓဘာသာမှ မူဆလင်များဖြစ်လာသည့်နည်းတူပင် မူဆလင်မှ ဗုဒ္ဓဘာသာသို့ကူးပြောင်းသူများလည်းအများအပြားရှိသည်။ ထင်ရှားသောသူများကို ကောက်နှုတ်ဖော်ပြရလျင် သခင်ဘသောင်း၊ ဦးသန့်၊ ဒဂုဏ်ဦးဘတင်၊ ဘကြီးဘဖေ၊ ဒေါက်တာမောင်ဒီ၊ ဦးဘသန်းထက်၊ တေးသံရှင် အလီ၊ ရုပ်ရှင်မင်းသားကျော်ဆွေ၊ ရွှေဘ၊ ချိုပြုံး၊ မေဝင်းမောင်၊ ကျော်သူ၊ စသည်ဖြင့် ရုပ်ရှင်လောကမှ ပုဂ္ဂိုလ်များ၊ စစ်ဖက်နယ်ဖက် အနုပညာလောကမှ ထင်ရှားသော ပုဂ္ဂိုလ်အများအပြားရှိသည်။ သို့ဖြစ်၍ ကျွန်တော်တို့က လူမျိုးနှင့်ပတ်သက်၍ စိတ်သောကရှိသကဲ့သို့ မူဆလင်များသည်လည်း ဤကိစ္စကိုသောကထားကြသည်ပင်။

ဗမာအမျိုးသမီးကိုယူလျင် ဘယ်၍ဘယ်မျှပေးမည်ဟူသော ရေးသားဖော်ပြချက်သည် ယနေ့မြန်မာနိုင်ငံရှိ မူဆလင်တို့၏အခြေအနေကိုလေ့လာကြည့်ပြီးမှ မှတ်ချက်ချသင့်သည်။ မူဆလင်များသည် ဗမာလူမျိုးနည်းတူချမ်းသာသူများသလို၊ လူလတ်တန်းစားလည်းရှိသည်။ အကယ်၍ နိုင်ငံရပ်ခြားမှအထောက်အပံ့များရမည်ဆိုလျင် မူဆလင်တို့၏ အခြေအနေသည် တရုတ်လူမျိုးသာသာရောက်ရှိနိုင်သည်။ မြို့သစ်များနေ ဆင်းရဲစုတ်ပြတ်နေသော မူဆလင်များက ရန်ကုန်မြို့၏ လမ်းမပေါ်တွင်ပိုက်ဆံလိုက်တောင်းနေပုံ မြင်ကွင်းကပင်လျင် ယင်းသူတို့၏အခြေအနေမှန်ကို သိနိုင်ပါသည်။ သို့ဖြစ်၍ ယင်းသို့သောဝါဒဖြန့်ချီချက်များသည် မုန်းတီးရေးကိုဦးတည်၍သာဖြစ်၍ ဆင်ခြင်သုံးသပ်တတ်သူအဖို့ လက်ခံနိုင်သောအခြေအနေပင် မရှိနိုင်ပါ။

'' အမျိုးပျောက်မှာစိုးကြောက်ရ'' စာတမ်းကြောင့် ကြီးမားသောပဋိပက္ခနှင့် အကြပ်အတည်းကိုသာတွေ့နိုင်ပါသည်။

မြန်မာနိုင်ငံရှိမူဆလင်များကိုစောင့်ကြပ်သောအရှေ့ဖျားဒေသ မူဆလင်အသင်းရှိနေသည်။ ကမ္ဘာ့မူဆလင်အဖွဲ့ကို ဆောင်ဒီရှိ ဂျစ်ဒါမြို့တွင်ရုံးချုပ်ထားရှိသည်။ ယင်းအဖွဲ့သည် အဖွဲ့သားအားလုံးကို ချုပ်ကိုင်ထားသည်။ မြန်မာနိုင်ငံမူဆလင်များအရေးနှင့် စပ်လျင်း၍ မလေးရှားနှင့် အင်ဒိုနီးရှားတို့က တာဝန်ယူရသည်။ ယင်းအဖွဲ့အစည်းများသည် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့များဖြစ်သလို အကြမ်းဖက်သမားများကို သင်တန်းပေးသောအဖွဲ့၊ လက်နက်ပေးသောအဖွဲ့စသည်ဖြင့်တရားမဝင်ဖွဲ့ထားသောအဖွဲ့များလည်းရှိသည်။ အရေးကြုံက သူတို့ကလက်မနှေးကြပေ။ ယင်းအဖွဲ့များကို အာဖဂန်နစ္စတန်၊ အီရန်နှင့် လစ်ဗျားတို့က အထူးအားပေးသည်။

မြန်မာမူဆလင်များ၏ ပလီဝတ်ကျောင်းများကျူးကျော်ဖျက်ဆီးခံရခြင်း၊ ရွာငယ်များနှင့် ၎င်းတို့အိမ်ယာများဖျက်ဆီးခံရခြင်း၊ လူမျိုးရေး ဘာသာရေးအရနှိပ်ကွတ်ခံရခြင်းများနှင့် ပတ်သက်၍ မြန်မာမူဆလင်များမှ လက်နက်စွဲကိုင်ကာ သူတို့၏ပြဿနာကို ဖြေရှင်းသည့်နည်းလမ်းကိုမသုံးစွဲသည့်အတွက် အာဖဂန်ရှိ အိုမောက '' မြန်မာမူဆလင်တို့သည် သူရဲဘောကြောင်လွန်းသည် '' ဟုဗျူးခန်းတွင်ဖော်ထုတ်ခဲ့သည်။

မြန်မာနိုင်ငံရှိ မူဆလင်များနှင့် ၎င်းတို့၏ဘာသာရေး ခေါင်းဆောင်တို့သည်အကြမ်းဖက်လမ်းစဉ်ကို ရွံရှာသူများဖြစ်ပုံရသည်။ မြန်မာနိုင်ငံတွင် ခေတ်အသီးသီးတွင်ရှိခဲ့သော သောင်းကျန်းသူတို့ကြောင့် တိုင်းပြည်ဆုတ်ယုတ်လာပုံကို မြန်မာမူဆလင်တို့သိသည်။ မုန်းတီးမှုနှင့်ပြုစုထားသော '' မျိုးပျောက်မှာစိုးကြောက်ရ '' လမ်းကြောင်းသည် မလွဲမသွေပင် ယင်းအနိဌာရုံသို့တွန်းပို့နေသည်။ ယုတ်စွအဆုံး မူစလင်တို့သည် ပဋိပက္ခကိုရှောင်ရင်းနှင့် ဒေသတခုဝယ်စုမိသွားကြလိမ့်မည်။ ယင်းဒေသသည် အနာဂတ်၏ ဘော့စနီးယားနှင့် ကိုဆိုဗိုဖြစ်သွားနိုင်သည်။ ကျွန်တော်တို့သည် ဤလမ်းကြောင်းကို အတတ်နိုင်ဆုံးရှောင်ရှားကြရပါမည်။ သို့မှသာလျင် နိုင်ငံတော်ကြီးသည် တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

ပြင်ပမှသွေးထိုးပေးသော ပုဂ္ဂိုလ်တို့သည် သူတို့နိုင်ငံတွင် မကြာခဏဖြစ်ပွါးလေ့ရှိသော သွေးချောင်းစီးမှုများကို မြန်မာ့မြေပေါ်တွင် ပေါ်ပေါက်စေလိုကြသည်။ ယင်းပုဂ္ဂိုလ်တို့သည် အိန္ဒိယမှလာပြီး ဗုဒ္ဓဘာသာဝင်များကိုတရားဓမ္မပို့ချသယောင်၊ ကမ္မဌာန်းတရားပို့ချသယောင် အတိတ်က မူဆလင်နှင့် ရန်ငြှိုးများကို ကလဲ့စားချေခြင်းဖြစ်သည်။

အချို့သင်္ကန်းဝတ်ဘုရားသားတော်များပင် ဤကိစ္စတွင်လက်ဝင်နေကြခြင်းက မေတ္တာအရင်းခံဗုဒ္ဓဝါဒကို ပိုပြီးရုပ်ဆိုးစေပါသည်။ တော်လှန်ရေးကောင်စီ၏ အစဦးကာလတွင်သိန်းပေါင်းများစွာသော ဟိန္ဒူကုလားများသည် သူတို့နိုင်ငံကိုပြန်ခဲ့ကြသည်။ စက်ရုံများကို ပြည်သူပိုင်သိမ်းခံရသည်။ ထိုတရားဓမ္မပို့ချသော ပုဂ္ဂိုလ်ကြီး၏စက်ရုံသည်လည်း ပြည်သူပိုင်စာရင်းဝင်ဖြစ်သည်ကို သတိချပ်စေလိုပါသည်။ သူ၏တပည့်များဖြစ်သောပါရဂူနှင့် နှစ်ဖက်လှတို့မှာ ဆရာကြီး၏ပေးကမ်းမှုအပေါ်မူတည်နေ သံယောင်လိုက်ခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်တို့တွင် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ ဟိန္ဒိုတက္ကသိုလ်မှဆင်းလာသူလည်းပါပြီး ဟိန္ဒိုဘာသာဝင်တို့က ဗုဒ္ဓမြတ်စွာဘုရားကို သူတို့၏ဘုရားဝင်စားသူအဖြစ်လောက်သာ လက်ခံခြင်းသာလျင်ပြုသည်ကိုလည်း သတိချပ်ပါ။

ယနေ့ကျွန်တော်တို့လုပ်ဆောင်ရမည့်အလုပ်သည်ကား နိုင်ငံတော်အစိုးရက ပံ့ပိုးနေသော ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရေးလမ်းကြောင်းဖြစ်ပါသည်။


(ရောင်ခြည်ဦး)