Saturday, April 10, 2010

ဘုရားရှင်ရဲ့အဆုံးမအတိုင်း ပြန်လည်စဉ်းစားတွေးခေါ်ဖို့ လိုအပ်


အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)

ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူတစ်ပါးကိုအကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည် ချေပရမယ်လို့ မဟောခဲ့ ...လူသတ္တဝါအားလုံးတို့အပေါ်၌ မေတ္တာစိတ်ထားရန်သာဟောကြားခဲ့တယ်... ကိုယ့်နှုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်း စာတစ်ကြောင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ မဆန့်ကျင်နေဖို့ အဓိကလိုအပ်သည်။

ခုတလော အွန်လိုင်းပေါ်မှာ ဘာသာရေးကို အခြေခံပြီး ပုတ်ခတ်ပြောဆိုနေကြတာတွေ မြင်တွေ့နေရပါတယ်။ ဒါဟာအင်မတန်မှ အရုပ်ဆိုးအကြည်းတန်စေပါတယ်..။ ကိုးကွယ်မှုဆိုင်ရာဆိုင်ရာတွေမှာ သူ့ခံယူချက် သူ့ယုံကြည်ချက်တွေနဲ့ မြတ်နိုးကိုးကွယ်နေကြတာတွေ ရှိကြပါတယ်။ ကိုယ့်ယုံကြည်ကိုးကွယ်မှုကို ထိပါးပုတ်ခတ်လာတာတွေကို လက်သင့်ခံလို့မရသလို.. အခြားဘာသာတွေကို ပုတ်ခတ်စော်ကားမှု ပြုနေတာကိုလည်း အားပေးအားမြောက်ပြုဖို့ မလိုအပ်ပါဘူး။ အဓိကကတော့. ကိုယ်ကိုးကွယ်ယုံကြည်ရာဖြစ်တဲ့ ကိုယ့်သာသနာရဲ့တန်ဖိုးကို မြှင့်ပေးချင်တယ်ဆိုရင်.. မိမိကိုယ်တိုင်ပဲ မြင့်သထက်မြင့်လာအောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိသလို.. နိမ့်ကျအောင်လုပ်မယ်ဆိုရင်လည်း မိမိကိုယ်တိုင်ပဲ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေသလိုတွေ ဖြစ်နေတတ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အဲ့ဒါအဓိကအကြောင်းရင်းပါ။ အချို့တွေက ကိုယ့်သာသနာကိုထိလာရင် အရုပ်ဆိုးအကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည်ချေပတာတွေ ရှိတတ်ပါတယ်။ ဒါတွေဟာ သာသနာကို ချစ်နေသလိုလို.. ကာကွယ်နေသလိုလိုနဲ့ နိမ့်ကျသည်ထက် နိမ့်ကျအောင် လုပ်နေတာနဲ့ တူပါတယ်။ ဒါကိုတော့ ဗုဒ္ဓဘာသာတွေအနေနဲ့ အဓိကသိထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ဘုရားရဲ့အဆုံးမအောက်မှာ ဘုရားရှင်ရဲ့ဆုံးမစကားတွေနဲ့ လိုက်နာကျင့်ကြံနေကြတဲ့သူတွေလို့ ပြောမယ်ဆိုရင် ဘုရားရှင်ဟာ ကျွန်တော်တို့တွေရဲ့ လက်ဦးဆရာလို့ ဆိုရမှာပါ။ ဒီတော့.. ကိုယ့်ရဲ့ဆရာရဲ့အဆုံးမတွေဟာ ဘာတွေလဲ.. ဘယ်လိုတွေ သင်ခဲ့လဲ.. ဘယ်လိုတွေ နေထိုင်ကျင့်ကြံဖို့ သင်ခဲ့လဲ ဆိုတာတွေနဲ့ နေထိုင်ပြုမူပြီး လိုက်နာကျင့်ကြံတတ်ဖို့လိုပါတယ်။ ဘုရားရှင် လက်ထက်တော်အခါတုန်းက.. ဘုရားရှင်ကို ထိပါးပုတ်ခတ်ယုံမျှ မကပါဘူးနော်.. အမျိုးမျိုး ဆဲရေးတိုင်းထွာတာတွေ.. အမျိုးမျိုး လုပ်ကြံသတ်ဖျတ်တာတွေ များစွာပါပဲ.. အဲ့ဒီ့များစွာတွေထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုခဲ့သလဲ.. ဘယ်လိုမျိုး ပြုပြင်ဆုံးမပေးခဲ့သလဲ ဆိုတာလေးတွေကို မှတ်သားနှလုံးသွင်းဖို့ လိုအပ်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူ့အပေါ်တိုက်ခတ်မှုတွေ.. ဝေဖန်ပုတ်ခတ်မှုတွေ.. လုပ်ကြံသတ်ဖြတ်မှုတွေကို ဒီလိုမျိုး အကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည် ချေပရမယ်လို့များ ဟောပြဆုံးမခဲ့ပါသလား.. ဒီလိုထိပါးပုတ်ခတ်လာမှုတွေကို ဒီလိုပဲ မကြားဝင့်မနာသာ စကားတွေနဲ့ ပုတ်ခတ်ပြောဆိုပြစ်ရမယ်လို့များ ဆုံးမထားခဲ့ပါသလား။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ယုတ်ညံ့တဲ့စကားမျိုးတွေ ပြောဖို့နေနေသာသာ.. နှုတ်ကနေ လိမ်လည်ပြောဆိုမှုမျိုးကို တစ်ခွန်းတစ်ပါဒမျှ မပြုမှုခဲ့တဲ့အတွက် သုဂတ ဂုဏ်တော်နဲ့ ရှိခိုးကြည်ညို အပူဇော် ခံထိုက်နေတာပါ။ ဒီတော့.. ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေမှန်ရင်.. အားလုံးဟာ ဘုရားရှင်ရဲ့ တပည့်သားတွေပါပဲ.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ ရှင်သန်နေထိုင်တဲ့သူတွေဟာ ဒီလိုမျိုး နိမ့်ကျနေတဲ့စကားတွေနဲ့ ပြန်လည်ပုတ်ခတ်နေမယ်ဆိုရင်.. ဘုရားရှင်ရဲ့ အဆုံးမတွေကိုပါ နိမ့်ကျနေတယ်လို့ ပြောနေတာနဲ့ တူနေပါတယ်။ ဒီတော့ တခြားသူတွေ ဘယ်လောက်ရိုင်းရိုင်း တို့ဗုဒ္ဓဘာသာတွေ မရိုင်းဖို့လိုတယ်.. တခြားသူတွေဘယ်လောက် ပုတ်ခတ်ပုတ်ခတ်.. တို့ဗုဒ္ဓဘာသာတွေ မပုတ်ခတ်ဖို့လိုတယ် ဆိုတာလေး ပြောချင်မိပါတယ်။

ပုတ်ခတ်တဲ့သူတွေကို တဖက်ကပြန်ပြီး တွေးကြည့်မယ်ဆိုရင် သနားဖို့ကောင်းတဲ့လူတွေလို့ပဲ မြင်မိပါတယ်။ ဘုရားရှင်လက်ထက်တော်အခါတုန်းက ဘုရားရှင်ကို အမျိုးမျိုး လုပ်ကြံစွပ်စွဲပုတ်ခတ်ခဲ့တဲ့ ဒေ၀ဒတ္တ၊ ကိုယ်ဝန်ဟန်ဆောင်ပြီး စွပ်စွဲတဲ့ စိဉ္စမာနတို့လိုမျိုး အခြားအခြားသောပုဂ္ဂိုလ်တွေဟာ.. တကယ်တော့ သနားစရာတွေပါပဲ။ အတိတ်ကံရဲ့အကျိုးပေးတွေကိုက ဘုရားရဲ့အဆုံးမနဲ့ ဆန့်ကျင်ပြီး အတိုက်အခံလုပ်ဖို့ကံတွေ ပါလာခဲ့ရတာပါ။ “ပျက်စီးချိန်တန်လာလျှင် မည်သူကပင် သတိပေးပြောဆို တားမြစ် ဆုံးမပါသော်လည်း နားမ၀င်ဘဲ မိမိလုပ်သမျှ အပြုအမူ အနေအထိုင် အပြောအဆိုများကိုသာ အမှန်ထင်နေတတ်၏” ဆိုတဲ့ အဆုံးမအတိုင်းလို့ပဲ နှလုံးသွင်းရမှာပါပဲ။ “မောဟအမှောင် အားကြီးလာလျှင် အမေပြောလည်းမရ၊ အဖေပြောလည်းမရ၊ နောက်ဆုံး ဘုရားပြောသော်လည်း ရမည်မဟုတ်ပေ” ဆိုတဲ့ အတိုင်းပါပဲ.. ဘယ်လောက်ကြီးပဲ ကြည်ညိုထိုက်တဲ့ဂုဏ်တွေ.. ရိုသေလေးစားထိုက်တဲ့ဂုဏ်တွေ ရှိနေပါစေ.. ဘယ်လောက်ကြီးပဲ ကောင်းမွန်တဲ့လမ်းကြောင်းတွေ ပြောပြပြီးဆုံးမနေပါစေ.. မောဟအမှောင် အားကြီးလာရင်တော့ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ပါဘူး..။ သူ့လမ်းကြောင်းသူ လျောက်နေတယ်လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာပါ။ ဒါကိုမှ ကိုယ်ကသွားပြီး မကြည်ညိုရကောင်းလား.. စော်ကားနေရတာလား ဆိုရင်တော့ သူ့ကိုအမှီပြုပြီး ကိုယ်ပါ အကုသိုလ် များစေနိုင်ပါတယ်။

ဆရာတော်တစ်ပါးဟောပြဆုံးမပေးတာလေး မှတ်သားမိပါတယ်.. “လူတစ်ယောက်နဲ့ ပြိုင်ပြီး ငြင်းဆိုပြောဆိုနေတာတွေ.. ဆဲရေးတိုင်းထွာပုတ်ခတ်နေတာတွေဟာ ကိုယ့်အဆင့်ကို သူနဲ့တန်းတူမညီ ညီအောင် လုပ်နေတာနဲ့ တူတယ်” ဆိုတဲ့ ဆုံးမစကားလေးပါ။ သူရိုင်းတိုင်း လိုက်ရိုင်းရရင် ကိုယ်ပါ လူရိုင်းဖြစ်သွားမယ်ဆိုတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ အဆုံးမအထိန်းကွပ် မရှိတဲ့ ဘာသာမဟုတ်ပါဘူး.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ နေထိုင်ကျင့်ကြံနေကြတဲ့ ဘာသာဝင်တွေပါ။ ဒီတော့ ဘုရားရှင်ရဲ့ အဆုံးမတွေကို မှန်ကန်ကြောင်း ပြချင်ရင်.. အဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေတဲ့သူတွေဟာ ဘယ်လောက်ထိ အဆုံးမအတိုင်း နေထိုင်နိုင်သလဲဆိုတာနဲ့ပဲ ဖော်ကျူးရမှာပါ။ ငါတို့အဆုံးမတွေက မှန်တယ်လို့ အော်နေစရာမလိုပါဘူး.. မှန်တာနဲ့ထိုက်တန်နိုင်အောင် နေထိုင်ပြနိုင်ဖို့ဟာ ပိုပြီး အရေးမကြီးပေဘူးလား..။ အဲ့ဒါဟာ အဓိကပါပဲ..။

နောက်တစ်ချက်အနေနဲ့ကတော့.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့တဲ့.. “ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” ဆိုတဲ့ အဆုံးမလေးပါ။ ဒီတော့ ဘုရားရှင်ရဲ့အဆုံးမအတိုင်း ပြန်လည်စဉ်းစားတွေးခေါ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပြန်လည်ဖြေရှင်းပေးရမယ့်သူ.. ဟောပြဆုံးမပေးရမယ့်သူဟာ ကိုယ်ပြောဆို ရှင်းလင်းပြတဲ့အမှန်တရားကို လက်သင့်ခံနိုင်တဲ့ဥာဏ်မျိုး ရှိတဲ့သူလား.. ဒါမှမဟုတ် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ့ရဲ့အမြင်တွေ အတွေးတွေ ပြောင်းလဲသွားနိုင်မှာလား ဆိုတဲ့အကြောင်းကို ဦးစွာစဉ်းစားဖို့ လိုအပ်တယ် ဆိုတာလေးပါ။ ကျွန်တော်ပြောတဲ့အထဲမှာ ဘုရားရဲ့အဆုံးမတွေကို ဒီအတိုင်း ပြီးစလွယ် ဘယ်သူစော်ကားနေနေ လက်ပိုက်ကြည့်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်.. ဟုတ်တိုင်းမှန်စွာ လက်ခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဘုရားရှင် အဆုံးမအတိုင်း ပြောပြဆုံးမပေးပါ.. လက်မခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဦးစွာစဉ်းစားချင့်ချိန်ပြီးမှ ပြောဆိုပါလို့ တိုက်တွန်းပါရစေ..။

ဒီအကြောင်းရာလေးကို ရေးရတာဟာ ဘယ်သူ့ဘယ်သူမှ ပုတ်ခတ်လိုပြီး ပြောလိုခြင်းမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်အများစုကို သတိထားပြီး လုပ်ကိုင်ပြောဆိုစေချင်တဲ့ သဘောလေးပါပဲ။ ကျွန်တော်တို့ သာသနာဟာ သူများပါးစပ်မှာတင် လမ်းဆုံးသွားမယ့်ဘာသာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ သူများ နှိမ့်ချတိုင်းလည်း မနိမ့်ကျနိုင်သလို.. သူများ ချီးမွမ်းတိုင်းလည်း သဘောကျနေရမယ့်ဘာသာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နှုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်း.. ရေးသားလိုက်တဲ့ စာတစ်ကြောင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ မဆန့်ကျင်နေဖို့ အဓိကလိုအပ်ပါတယ်။ ဘုရားရှင်ရဲ့ အဆုံးမနဲ့ ဆန့်ကျင်ပြီး လုပ်ကိုင်ပြောဆိုနေမယ့်အစား ဗုဒ္ဓဘာသာ မဟုတ်ဖူးလို့ ပြောလိုက်တာဟာ ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ပြောလိုက်တဲ့စကား.. ကိုယ်ရေးလိုက်တဲ့ အရေးသားတွေဟာ ဘုရားရှင်ရဲ့ အဆုံးမတွေကို ဖျက်ဆီးစော်ကားရာ ရောက်နေပါတယ်..။ ဒါ့ကြောင့် ဘုရားရှင်ရဲ့အဆုံးမတွေကို မိမိကိုယ်တိုင် ဖျက်ဆီးနေတဲ့သူမျိုး မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ အဓိက မှာလိုပါတယ်..။ ဘုရားရှင်ရဲ့သာသနာအတွက် ဘုရားရှင်ရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံခြင်းဖြင့် မိမိရဲ့ဘာသာသာသနာကို စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်..။ ကိုယ့်ကြောင့် ကိုယ့်သာသနာ… မနိမ့်ကျပါစေနဲ့…။

Ref : myanmarchat.org

No comments:

Post a Comment